နေပြည်တော်၊ ဇန်နဝါရီ ၂၃
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ” ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေသန ဦးစီးဌာန (ရုံးချုပ် )၌ ကျင်းပရာ နံနက်ပိုင်းတွင် သုတေသနစာတမ်းရှင်များက အခြေခံ သုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ ကျန်းမာရေးစနစ်သုတေသန စာတမ်းစုစုပေါင်း ၁၀ စောင် ကို ဖတ်ကြားတင်ပြခဲ့ကြသည်။
တင်သွင်းခဲ့သော သုတေသနစာတမ်းများမှာ- ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ ပလပ်စ်မိုဒီယမ် ဗိုင်းဗက်စ် သာမန်ငှက်ဖျားရောဂါအပေါ် ကလိုရိုကွင်းဆေး၏ အာနိသင်နှင့် လုံခြုံစိတ်ချမှုကို စမ်းသပ်ခြင်း သုတေသနစာတမ်းကို ဒေါက်တာမိုးကျော်မြင့်ကလည်းကောင်း၊ မြန်မာနိုင်ငံဝိုင်းမော်မြို့နယ်ရှိ ဗိုင်းဗက် ငှက်ဖျားပိုးများ၏ ဆေးယဉ်ပါးမှုကို မော်လီကျူးနည်းပညာဖြင့် လေ့လာခြင်း (၂၀၂၂) သုတေသနစာတမ်းကို ဒေါက်တာမြတ်ထွဋ်ညွန့်ကလည်းကောင်း၊ မြန်မာဆေးယဉ်ပါး တီဘီလူနာများတွင် လင်နီဇိုးလစ်ဆေး ပမာဏနှစ်မျိုး၏ ထိရောက်မှု၊ ဘေးကင်းမှုတို့ကို ခန္ဓာကိုယ်တွင်း ဆေးဝါးကြမ္မာ (Pharmacokinetics) နှင့် ဆေးဝါး၏ ခန္ဓာကိုယ်အပေါ်သက်ရောက်မှု (Pharmacodynamics) နည်းလမ်းဖြင့် လေ့လာခြင်းသုတေသန စာတမ်းကို ဒေါက်တာခင်နှင်းပွင့်ကလည်းကောင်း၊ အသက် (၄၀) နှစ်နှင့်အထက် သွေးတိုးဝေဒနာခံစား နေရသော လူနာများအကြား ကျန်းမာရေးဌာန၏ သွေးတိုးရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးဝန်ဆောင်မှုများ သုံးစွဲခြင်းနှင့် ပတ်သက်ပြီးလေ့လာသော သုတေသနစာတမ်းကို ဒေါက်တာ မေစံပါယ်စိုး ကလည်းကောင်း၊ ရန်ကုန်မြို့ရှိ ဆေးရုံကြီးများတွင် မြွေကိုက်ခံရသောကလေးနှင့် ဆယ်ကျော်သက်လူငယ်များတွင် ဖြစ်ပွားလေ့ရှိသော ရောဂါလက္ခဏာများ၊ နောက်ဆက်တွဲပြဿနာများ၊ ရောဂါကုသမှု အခြေအနေများကို လေ့လာခြင်း သုတေသနစာတမ်းကို ဒေါက်တာခင်သန်းရီကလည်းကောင်း၊ အသည်းခြောက်ရောဂါ ဖြစ်ပွားသောကလေးများတွင် အသည်း၏လုပ်ငန်းဆောင်တာများနှင့် အသည်း မကောင်းခြင်းကြောင့် နောက်ဆက်တွဲ ဉီးနှောက်ထိခိုက်မှုအပေါ် ပရိုဘိုင်အောတစ်ဆေးဝါး၏ အကျိုး သက်ရောက်မှုကို လေ့လာခြင်း သုတေသနစာတမ်းကို ဒေါက်တာသက်နိုင်ထွန်းကလည်းကောင်း၊ ဝေသာရဇ္ဇ ဆေးပုလဲကလာပ် (တိုင်းရင်းဆေးအမှတ်-၂၃) ၏ ရက်တိုအဆိပ်အာနိသင်နှင့် နာကျင်ကိုက်ခဲမှု သက်သာ စေသော အာနိသင်အား ဓာတ်ခွဲခန်းတိရစ္ဆာန်များအပေါ်တွင် စမ်းသပ်ခြင်းသုတေသနကို ဒေါ်မို့မို့အောင် ကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရုံးဝန်ထမ်းများတွင် သွေးတိုးရောဂါဖြစ်ပွားမှုနှင့်ဆိုင်သော အချက်များအား လေ့လာခြင်းသုတေသန စာတမ်းကို ဒေါ်ခင်ယမင်းဟန်ကလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာလအတွင်း သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍ သိမြင်နားလည် သဘောပေါက်မှုနှင့် အလေ့အကျင့်များအား လေ့လာဆန်းစစ်ခြင်းနှင့် သွေးဘဏ်လုပ်ငန်းများ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲစိန်ခေါ်မှုများကို အရည်အသွေးစံထား လေ့လာဆန်းစစ်ခြင်း သုတေသန (အမျိုးသားသွေးဌာန၊ရန်ကုန်)၌ လေ့လာတွေ့ရှိချက် သုတေသနကို ဒေါက်တာရန်လင်းမောင်ကလည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) (ရန်ကုန်) နှင့် အထွေထွေရောဂါကုဆေးရုံသစ်ကြီး (ရန်ကုန်) တို့ရှိ ဓာတ်ခွဲဌာနများ၏ ဓာတ်ခွဲစစ်ဆေးမှု လုပ်ငန်းများတွင် လူနာဘေးကင်းလုံခြုံမှု အစဉ်အလာအား ဆန်းစစ်ခြင်း (၂၀၂၀-၂၀၂၁) သုတေသန စာတမ်းကို ဒေါက်တာအောင်ဝေဖြိုးကလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေးအကြံပြုခဲ့ကြသည်။
နံနက်ပိုင်းသဘာပတိများအဖြစ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်း၊ ဆေးသုတေသနဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ တိုင်းရင်းဆေးပညာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ ဆေးသုတေသနဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမို့မို့ထွန်းတို့က ဆောင်ရွက်ခဲ့ကြပြီး စာတမ်းဖတ်ပွဲသို့ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ သုတေသီများနှင့် စာတမ်းရှင်များ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် “မကူးစက်တတ်သောရောဂါများအား ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများဆိုင်ရာ ဆွေးနွေးခြင်း- Non-Communicable Diseases: Prevention, Promoting Control and the Way Forward” ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပရာ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ဆေးသုတေသနဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းတို့က သဘာပတိများအဖြစ်ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် ရုရှားသိပ္ပံပညာဆိုင်ရာအကယ်ဒမီအဖွဲ့ဝင် ကင်ဆာရောဂါပါရဂူ ပါမောက္ခ Vladimir Moiseenko က ကင်ဆာရောဂါများအတွက် နောက်ဆုံးပေါ်ကုထုံးအကြောင်းကို Online မှတဆင့် ပါဝင်ဆွေးနွေးသည်။ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပမှပညာရှင်များ၊ သုတေသီများ (၁၅၀) ခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


