နေပြည်တော်၊ ဇန်နဝါရီ ၂၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ အားကစားရုံများတွင် အားကစားနည်းများအလိုက် ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံတွင် ကြက်တောင်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများသည် (A) ရုံတွင် စားပွဲ တင်တင်းနစ် ယှဉ်ပြိုင်ကစားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲများအပြီးတွင် ကျောင်းသား အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားသည်။
နံနက် ၇ နာရီခွဲက ဝဏ္ဏသိဒ္ဓိအားကစားကွင်း အမှတ် ၃ ၌ အုပ်စု (ဃ) ပွဲစဉ်ဖြစ်သော ရန်ကုန်အရှေ့ပိုင်းဇုန်နှင့် တောင်ကြီးဇုန်မှ ဘောလုံးအသင်းများ ယှဉ်ပြိုင်ကစားကြရာ ယင်းပွဲစဉ်တွင် တောင်ကြီးဇုန်က ရန်ကုန်အရှေ့ပိုင်းဇုန်ကို ခြောက်ဂိုး - ဂိုးမရှိဖြင့် ဂိုးအပြတ်အနိုင်ရရှိသည်။ ညနေပိုင်းတွင် ကွင်းအမှတ် ၁ တွင် အုပ်စု (က) ပွဲစဉ်ဖြစ်သော ရန်ကုန်အနောက်ပိုင်းဇုန်းနှင့် ဘားအံဇုန်တို့ ယှဉ်ပြိုင်ကစားကြရာ ဘားအံဇုန်က ရန်ကုန်အနောက်ပိုင်းဇုန်းကို လေးဂိုး - တစ်ဂိုး ဖြင့် အနိုင်ရရှိသည်။
ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ် ၃ တွင် အုပ်စု(က) ပွဲစဉ်ဖြစ်သော ပုသိမ်ဇုန်နှင့် ပြည်ဇုန်တို့ ယှဉ်ပြိုင်နေမှုများကို ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ အုပ်ချုပ်သူ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ ကြည့်ရှု့အားပေးသည်။ အဆိုပါပြိုင်ပွဲတွင် ပုသိမ်ဇုန်နှင့် ပြည်ဇုန်တို့ အကြိတ်အနယ်ကစားကြရာ တစ်ဂိုးစီ သရေပွဲဖြစ်သည်။ ပွဲစဉ်အပြီးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


