ဂျေရုဆလင်၊ ဇန်နဝါရီ ၂၄
ကာတာ၊ အမေရိကန်နှင့် အီဂျစ်တို့က ကြားဝင်ညှိုနှိုင်းနေသည့် အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇန်နဝါရီ ၂၁ ရက်တွင် ပယ်ချခဲ့ပြီးနောက် အစ္စရေးတပ်ဖွဲ့နှင့် ဟားမတ်စ်တို့အကြား ဂါဇာဒေသအတွင်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
အဆိုပြုထား
ဝေါစထရိဂျာနယ်၏ သတင်းဖော်ပြချက်အရ ၎င်းဖျန်ဖြေသည့် နိုင်ငံများသည် အပစ်အခတ်ရပ်စဲရေးအတွက် ရက်ပေါင်း ၉၀ အစီအစဉ်ကို အဆိုပြုထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
၎င်းအပစ်အခတ်ရပ်စဲရေး ပထမအဆင့်တွင် တိုက်ပွဲများ ရပ်တန့်သွားရမည်ဖြစ်ပြီး ဟားမတ်စ်က အစ္စရေးဓားစာခံ အားလုံးကို လွှတ်ပေးရမည်ဖြစ်ကာ အစ္စရေးကလည်း ပါလက်စတိုင်း အကျဉ်းသားများကို အပြန်အလှန် လွှတ်ပေးရမည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းကိုလည်း တိုးမြှင့်ပေးရမည်ဖြစ်သည်။
ထို့ပြင် ၎င်းအပစ်အခတ်ရပ်စဲရေး အစီအစဉ်တွင် ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေး၊ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးနှင့် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်ရေး စသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည်။
သို့ရာတွင် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးအပါအဝင် ၎င်းအစီအစဉ်၏ အဓိကအစိတ်အပိုင်းများကို နေတန် ယာဟုက ပယ်ချခဲ့သည်။ နေတန်ယာဟုသည် ယခုသီတင်းပတ်ကုန်က အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် ဖုန်းဖြင့် ဆွေးနွေးခဲ့ရာတွင် ဟားမတ်စ်များကို ချေမှုန်းရေး အပါအဝင် စစ်ပွဲ၏ရည်မှန်းချက်များအားလုံး အောင်မြင်ရန် အလေးပေး ပြောကြားခဲ့ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသတွင် ထိန်းသိမ်းထားသည့် ဓားစာခံ ၁၃၀ ခန့်ကို လွှတ်ပေးရေးအပါအဝင် ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာရေးနှင့် စစ်ပွဲအဆုံးသတ်ရေး ဟားမတ်စ်၏ တောင်းဆိုမှုကို နေတန်ယာဟုက ပယ်ချခဲ့သည်။ ဂျော်ဒန်မြစ်အနောက်ဘက် နယ်မြေအားလုံးကို အစ္စရေးက အပြည့်အဝ ထိန်းချုပ်ထားမှုကို အလျှော့မပေးနိုင် ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင် တောင်ပိုင်း ခန်ယူနစ်မြို့ရှိ ခိုလှုံရာစခန်းများကို အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါလက် စတိုင်း အနည်းဆုံး ၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ သတင်းအရင်းအမြစ် များက ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ