နေပြည်တော် ဇန်နဝါရီ ၂၄
နောင်ချိုမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ မကျီးရေကျေးရွာအနီးတွင် ထွယ်ဆန်အောင် မောင်းနှင်လာသည့် HYUNDAI PORTER II အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀,၀၀၀ ကိုလည်းကောင်း၊ အလားတူ ဇန်နဝါရီ ၂၂ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ထိန်ပင်ကျေးရွာအုပ်စု၊ လိန်းလီ ကျေးရွာအနီးတွင် တင်အောင် မောင်းနှင်ပြီး မနန်းသန်းတင် လိုက်ပါလာသည့် ်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်