နေပြည်တော် ဇန်နဝါရီ ၂၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များ နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ Boxing Indoor Stadium လက်ဝှေ့အားကစားရုံနှင့် သက်ဆိုင်ရာ အားကစားနည်းအလိုက် သတ်မှတ်ထားသည့် ကွင်းရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ယနေ့ Indoor Stadium (C) ရုံတွင် ကြက်တောင်ပြိုင်ပွဲ တတိယနေရာနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ကျင်းပရာ ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ အုပ်ချုပ်သူနည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ ကြည့်ရှုအားပေးသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးတစ်ဦးချင်း တတိယဆုကို တောင်ကြီးဇုန်၊ ဒုတိယဆုကို ရန်ကုန်အရှေ့ပိုင်းဇုန်နှင့် ပထမဆုကို ကျိုင်းတုံဇုန်တို့က ရရှိကြရာ ဆုများကို နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် တတိယဆုကို တောင်ကြီးဇုန်၊ ဒုတိယဆုကို ရန်ကုန်အရှေ့ပိုင်းဇုန်နှင့် ပထမဆုကို ကျိုင်းတုံဇုန် တို့ကရရှိကြရာ ဆုများကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း တတိယဆုကို ရန်ကုန်အနောက်ပိုင်းဇုန်၊ ဒုတိယဆုကို ရန်ကုန်အရှေ့ပိုင်းဇုန်နှင့် ပထမဆုကို တောင်ကြီးဇုန်တို့က ရရှိကြရာ ဆုများကို ဒုတိယဝန်ကြီး က လည်းကောင်း၊ အမျိုးသားအသင်းလိုက် တတိယဆုကို ကျိုင်းတုံဇုန်၊ ဒုတိယဆုကို မကွေးဇုန်နှင့် ပထမဆုကို ရန်ကုန်အနောက်ပိုင်းဇုန်တို့က ရရှိကြရာ ဆုများကို ပြည်ထောင်စုဝန်ကြီးက လည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ပြီး ကြက်တောင်ပြိုင်ပွဲဝင် အားကစားမောင်မယ်များနှင့် နည်းပြများကို  ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်