နေပြည်တော် ဇန်နဝါရီ ၂၄

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပရာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင် များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကော်မတီအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးစေရေးတို့ အတွက် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စံချိန်စံညွှန်း ပြည့်ဝသည့် ဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများကို ဈေးနှုန်းသက်သာစွာဖြင့် ရာသီချိန်အမီ ဖြန့်ဖြူး ရောင်းချပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ 

ယင်းသို့ဆောင်ရွက်ပေးရာတွင် အားနည်းချက်များအနေဖြင့် နိုင်ငံတကာဈေးနှုန်းများ မြင့်တက်ချိန်တွင် ကုမ္ပဏီများက စာချုပ်ချုပ်ဆိုထားခြင်း၊ ဈေးနှုန်းသက်သာချိန်တွင် လိုအပ်သလောက် မဝယ်ယူနိုင်ခြင်း၊ ကုမ္ပဏီများအနေဖြင့် သွင်းအားစုများကို တင်သွင်းလိုသူများပြီး သက်ဆိုင်ရာဌာနများက သွင်းကုန်လိုင်စင်ပေါင်းများစွာအတွက် စိစစ်ဆောင်ရွက်ပေးနေရခြင်း၊ ယှဉ်ပြိုင်မှုမရှိခြင်း စသည့်အချက်များကို တွေ့ရှိရပါကြောင်း။ 

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရာသီအလိုက်၊ လအလိုက် လိုအပ်ချက်စာရင်းများကို စိုက်ပျိုးရေးဦးစီးဌာန၏ မြေဩဇာအသင်းတို့က ပေးပို့ပေးရန်၊ တင်သွင်းမည့် အစီအစဉ် Plan ကို ပြုစုတင်ပြပေးရန်၊ သွင်းအားစုများအချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းသက်သာ အောင် ကြီးကြပ်ဆောင်ရွက်ပေးရန်၊ အချိန်မီအောင် ယခုကတည်းက ကြိုတင်ပြင်ဆင် ဆွေးနွေး ဆောင်ရွက်ထားရန်၊ ဈေးနှုန်းသက်သက်သာသာဖြင့် ဖြန့်ဖြူးနိုင်ရေးအတွက် ဖြန့်ဖြူးရေးတင်ဒါကို ဈေးပြိုင်စနစ်ဖြင့် စတင်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်တို့ကို အကြံပြုချက်များအနေ ဖြင့်ပြောကြားလိုကြောင်း၊ အရည်အသွေးအာမခံကိစ္စအတွက် စိုက်ပျိုးရေးဦးစီးဌာနက ဥပဒေနှင့် အညီ စစ်ဆေးပေးနေသော်လည်း ဦးဆောင်ကော်မတီတာဝန်ရှိသူများက ကော်မတီ၏ လုပ်ငန်း တာဝန်များနှင့်အညီ အလေးချိန်ပြည့်မီအောင်၊ အရည်အသွေးမှန်ကန်အောင် ရန်ကုန်အထိုင်စစ်ဆေး ပေးခြင်း၊ ဖြန့်ဖြူးမည့်ဒေသများတွင် Spot Check အနေဖြင့် စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက် ပေးရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် က ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုနှင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုး တို့က လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြပြီး  ဦးဆောင် ကော်မတီအဖွဲ့ဝင် ဦးစီးဌာနကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြုရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဓာတ်မြေဩဇာကို ပြည်တွင်း MIC ခွင့်ပြုချက်ရရှိပြီး၊ စက်ရုံများအတွက် ကုန်ကြမ်းမှာယူထုတ်လုပ်မှု ဈေးသက်သာပြီး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိမည့်အတွက်အားပေးပါကြောင်း၊ ဓာတ်မြေဩဇာ သုံးစွဲမှုလျှော့ချပြီး သဘာဝ မြေဩဇာ ထုတ်လုပ်သုံးစွဲနိုင်ရေး တိုးမြှင့်ဆောင်ရွက်ရန်၊ တင်သွင်းမည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ကုန်ကြမ်းများ အချိန်မီရောက်ရှိရေး ကြိုတင်ပြင်ဆင်ထားရန် မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်