ဒေါက်တာသန်းအောင်စိုး
ခွေးရူးရောဂါဆိုတာ အင်မတန် ကြောက်စရာကောင်းပါတယ်။ ဖြစ်ပွားရင်၊ ရောဂါလက္ခဏာပြရင် ကုလို့ မရပါဘူး။ ရာနှုန်းပြည့် သေဆုံးပါတယ်။ မသေခင်လည်း အပြင်းအထန် ဝေဒနာခံစားရပြီးတော့ ရေမသောက် နိုင်လည်ပင်းတစ်ဆို့ပြီး သေဆုံးရတာဖြစ်ပါတယ်။ ရေမြင်ရင်ကြောက်တတ်လွန်းလို့ Hydrophobia လို့လည်း ခေါ်ပါတယ်။ စူးရှတဲ့အလင်းရောင်၊ ကျယ်လောင်တဲ့အသံလည်း ကြောက်ပါတယ်။ လေတိုက်ရင်လည်း ကြောက်ပါတယ်။ ဒါကြောင့် ခွေးရူးပြန်ရောဂါဖြစ်နေရင် မှောင်ပြီး ငြိမ်သက်တဲ့အခန်းမှာ ထားတာပါ။ ကမ္ဘာပေါ်မှာ ခွေးရူး ရောဂါကြောင့် ကိုးမိနစ်မှာ လူတစ်ယောက်လောက်သေဆုံးနေပါတယ်။ အချို့စာရင်း တွေအရ ၁၄ မိနစ်မှာ တစ်ယောက်နှုန်းလောက် သေတယ်လို့လည်း ဆိုပါတယ်။ အာရှနဲ့ အာဖရိကတိုက်မှာ အဖြစ်များပြီး မြန်မာနိုင်ငံမှာလည်း အဖြစ်များပါတယ်။ စာရင်းအတိအကျ မရပေမယ့် မြန်မာနိုင်ငံမှာ တစ်နှစ် လူ ၂၀ဝ လောက်သေဆုံးတယ်လို့ ခန့်မှန်းပါတယ်။ ခွေးကိုက်မှုရဲ့ ၄၀ ရာ ခိုင်နှုန်းက ၁၅ နှစ်အောက်ကလေးတွေ အကိုက်ခံရပါ တယ်။ ခွေးအနီးမှာ ပြေးလွှားဆော့ကစားလို့ မျက်စိနောက်ပြီး အကိုက်ခံရတာများပါတယ်။ ဒါကြောင့်ခွေးတွေ့ရင် အကြောက်လွန်ပြီး ထွက်မပြေးဖို့လည်း လိုပါတယ်။
ခွေးရူးရောဂါအကြောင်းပြောရရင် LyssayVirus ကြောင့်ဖြစ်တာပါ။ NeurotropicVirus အာရုံကြောကို ကြိုက်တဲ့ဗိုင်းရပ်စ်ပါ။ ရူးတဲ့ခွေးရဲ့ တံတွေးက တစ်ဆင့် အကိုက်ခံရသူကိုယ်ထဲ ရောက်ပါတယ်။ အာရုံကြောတွေကတစ်ဆင့် ဦးနှောက်ကိုရောက်ပြီ ခွေးရူးပြန်လက္ခဏာ ပြပါတယ်။ တစ်ပတ်၊ သုံးလ၊ ခြောက်လ၊ တစ်နှစ် စသည်ဖြင့် ကြာအောင် ပိုးပျိုးနေပြီးမှလက္ခဏာပြပါတယ်။ တချို့တစ်နှစ်ထက် ပိုပြီး တော့ကြာပါတယ်။ ခြောက်နှစ်အထိ ကြာတတ်တာလည်း ရှိတယ်လို့ ဆိုပါတယ်။ ရောဂါလက္ခဏာ ပြရင်တော့ကုလို့မရတော့ပါဘူး။ ဒါကြောင့် ခွေးကိုက်ခံရရင် ဒဏ်ရာကို ရေလောင်းချပြီး ၁၅ မိနစ်လောက် ဆပ်ပြာနှင့်ဆေးရပါမယ်။ ပြီးမှ ပိုးသတ်ဆေး AntisepticSoultion ထည့်ပေးရပါမယ်။ ဒဏ်ရာ ကိုမချုပ်ရဘူး။ Suture မလုပ်ရပါဘူး။ Tetanus ဆိုတဲ့ မေးခိုင်ရောဂါ ဝင်တတ်လို့ ဖြစ်ပါတယ်။ ဒါကြောင့် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးရပါမယ်။ ခွေးရူးရောဂါ ကာကွယ်ဆေး လည်း ထိုးရပါမယ်။ အရေပြားသွေးစို့ရုံ ခြစ်မိလည်း ကာကွယ်ဆေးထိုးရပါမယ်။
ဖြေဆေးပါထိုးဖို့လို
Verorab တို့၊ Rabiper တို့ အဲဒါတွေကို Day O၊ Day 3၊ Day 7၊ Day 28 စသည်ဖြင့် ထိုးရပါမယ်။ ခြေထောက်၊ လက်၊ မျက်နှာတွေမှာ ခွေးရူးကိုက်မိရင်တော့ ကာကွယ်ဆေးရော၊ ဖြေဆေးပါထိုးဖို့လိုပါတယ်။ RIG (Rabies Immuno globulin) သွေးရည်ကြည်ဖြေဆေးပါ။ အကိုက်ခံရတဲ့ ဒဏ်ရာဝန်းကျင်ကို လူနာရဲ ခန္ဓာကိုယ်အလေးချိန်နဲ့တွက်ပြီး ဆရာဝန်က ထိုးပေးမှာ ဖြစ်ပါတယ်။
ရောဂါကြီးခြောက်မျိုးခွေးရူးရောဂါဖြစ်ပွားခြင်းမှာ ၉၉ ရာခိုင်နှုန်းက ခွေးကကိုက်လို့ကူးတာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(FAO)၊ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့(OLE)တို့ကလည်း တစ်ခုတည်းသော ကျန်းမာရေး (One Health) အနေနဲ့ ခွေးရူး ရောဂါကို အရေးအကြီးဆုံးရောဂါသုံးမျိုးထဲမှာ ထည့်ထားပါတယ်။ မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနတို့ကလည်း Zoonoses လို့ခေါ်တဲ့တိရစ္ဆာန်က လူကိုကူးတဲ့ အဓိကရောဂါကြီး ခြောက်မျိုးမှာ ခွေးရူးရောဂါကို ပထမအရေးအကြီးဆုံးရောဂါအဖြစ်ဖော်ပြထားပါတယ်။ အခုနောက်ဆုံး ထုတ်ပြန်တဲ့စာရင်း အရ မြန်မာပြည်မှာ ခွေးကောင်ရေ ၃ ဒသမ ၈ သန်း ရှိပါတယ်။ လူကိုခွေးကိုက်ခံရမှုက တစ်နှစ်မှာ ၁၅၀ဝ၀ ကနေပြီး ၂၀ဝ၀ဝ၀ ခန့်အထိလို့ ခန့်မှန်းကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ ၁၈၀ဝ၀ဝ ကျော်နဲ့ ၂၀၁၈ ခုနှစ်မှာ ၁၉၀ဝ၀ဝ ကျော်ရှိပါတယ်။ ခွေးရူးလို့ သံသယနှင့် သေဆုံးတဲ့တိရစ္ဆာန်တွေကိုမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဓာတ်ခွဲခန်းမှာစစ်ထားတဲ့ အဖြေတွေကိုကြည့်တဲ့အခါ ခွေးရူးလို့သံသယရှိရင် တော်တော် များများမှန်နေတာ တွေ့ရပါတယ်။
ရည်မှန်းချက်
ခွေးရူးရောဂါက သတ္တဝါတော်တော်များများမှာ ဖြစ်ပါတယ်။ လင်းနို့မှာတော့ ရောဂါမဖြစ်ဘဲ ပိုးသယ် ဆောင်လာနိုင်တာကြောင့် လုံးဝအမြစ်ပြတ်ဖို့ Eradicate လုပ်လို့မရနိုင်ပါဘူး။ လျော့နည်းအောင်၊ ကူးစက်မှုမရှိ Eliminate လုပ်ဖို့ ကြိုးစားကြရပါတယ်။ WHO က လည်း ၂၀၃၀ ပြည့်နှစ်မှာ ခွေးရူးရောဂါကြောင့် သေဆုံးသူမရှိစေရ။ “Zero Deaths by 2030” လို့ ရည်မှန်းချက် ထားပါတယ်။ တစ်ကမ္ဘာလုံး အနေနဲ့က လည်း စက်တင်ဘာလ ၂၉ ရက်နေ့ကို “ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့”ဆိုပြီး သတ်မှတ်ကျင်းပခဲ့တာ ၁၂ ကြိမ် ရှိပါပြီ။ “Rabies: Share The Massages Save a Life”ခွေးရူးရောဂါ ကာကွယ်ဖို့ သတင်းစကားမျှဝေကာ အသက်ကယ်စို့” လို့ ဒီနှစ်ဆောင်ပုဒ်ဖြစ်ပါတယ်။
ဆွေးနွေးတင်ပြ
တစ်ကမ္ဘာလုံးဆိုင်ရာ မူဘောင်တွေအနေနဲ့ Global Framework ချမှတ်ထားပါတယ်။လူမှုရေးဆိုင်ရာ ယဉ်ကျေးမှု (Socio-cultural) ၊နည်းပညာပံ့ပိုးမှု (Technical)၊ အဖွဲ့အစည်းတွေ (Organizational) နဲ့ ဆက်သွယ်မှု၊ မူဝါဒ (Political)၊ ညွှန်ကြားချက်တွေ၊အရင်းအမြစ် (Resources)နှင့် ဘဏ္ဍာငွေရရှိမှုတို့ ပါဝင်ပါ တယ်။ အာဆီယံအနေနဲ့လည်း အခုလိုနည်းဗျူဟာတွေချမှတ်ထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ခွေးရူး ရောဂါအကြောင်းကို ဆရာဝန်တွေ၊ တိရစ္ဆာန်ဆေးကုဆရာဝန်တွေနဲ့ ပညာရှင်တွေက သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ တီဗွီတွေကနေပြီး ရေးသားဖော်ပြ ဆွေးနွေး တင်ပြနေကြပါတယ်။ သွေးစို့ရုံ၊ သွားနဲ့ခြစ်မိရုံနဲ့ ကာကွယ်ဆေးမထိုးမိရာက အသက်ဆုံးရှုံးရတဲ့ တကယ့်အဖြစ်အပျက်ကို အာရောဂျံမဂ္ဂဇင်းမှာ “ခြစ်မိလို့”ဆိုတဲ့ ခခွေး ယရစ် စသတ်ခြစ်နဲ့ ခေါင်းစဉ်နဲ့ရေးသားခဲ့ပါတယ်။
ကာကွယ်ဆေးထိုးဖို့လို
ခွေးသာမက ကြောင်မှာလည်းဖြစ်တတ်လို့ ကြောင်တွေပါ ကာကွယ်ဆေးထိုးဖို့လိုပါတယ်။ ခွေးနဲ့ ကြောင်ကိုအသက်သုံးလသားကစပြီး တစ်နှစ်တစ်ကြိမ်ထိုးတာတော့စိတ်ချရပါတယ်။ အဓိကကတော့ Stray Dogs လို့ခေါ်တဲ့လမ်းဘေးခွေးပြဿနာပါ။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြည့်မယ်ဆိုရင် လမ်းဘေးခွေးပေါတဲ့ ရန်ကုန်နှင့်မန္တလေး၊ ပဲခူးတိုင်းဒေသကြီးတွေမှာ အဖြစ်များတာ တွေ့ရပါတယ်။ ယခင်စည်ပင်သာယာက အဆိပ်ကျွေးပြီးတော့ဖြေရှင်းခဲ့ကြပေမယ့် အခုခွေးချစ်သူတွေရော၊ Animal Welfare လို့ခေါ်တဲ့ တိရစ္ဆာန်များ သက်သာစွာနေနိုင်ရေး အရရော လက်မခံကြတော့ပါဘူး။ လူမှုရေးဆိုင်ရာ ယဉ်ကျေးမှု (Socio - cultural) ပြဿနာပါ။ စည်ပင်သာယာ အဆိပ်ကျွေးတဲ့ခေတ်က အဆိပ်မိတဲ့ခွေးတွေကို ကုဖို့အတွက်ခေါ်တဲ့လူက တစ်ယောက်၊ သွားကုတော့လည်း အဆိပ်ကျွေးခိုင်းတဲ့ သူနဲ့တွေ့လို့ ဆရာဝန် ရန်တွေ့ခံရတဲ့ အဖြစ်ကို မြန်မာ့မွေးမြူရေးစာစောင်မှာ “လားရာ မတူသော မျဉ်းပြိုင်နှစ်ကြောင်း၏အလယ်” ဆိုပြီး ရေးခဲ့ပါတယ်။
ဌာနဆိုင်ရာအားလုံး ပူးပေါင်း
ဒါက (Public Awareness) လူထု အာရုံစိုက်မှုရဖို့ဖြန့်ဝေတဲ့သဘောပါ။ အခုဒီထက်ပိုပြီး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တစ်ချိန်တုန်းကတော့ မန္တလေးမှာ ခွေးဂေဟာ ဖွင့်ပြီးတော့ လမ်းဘေးခွေးတွေကို စောင့်ရှောက်ခဲ့ပါတယ်။ အခုတော့ ခွေးချစ်သူတွေစုပေါင်းပြီး ဆောင်ရွက်နေတာ ကို လူမှုကွန်ရက်တွေမှာလည်း မြင်တွေ့ရပါတယ်။ လမ်းဘေးခွေးတွေကို စီမံချက်ချမှတ်ပြီး ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ မပွားအောင် သင်းကွပ်ခြင်း၊ တားဆေးထိုးခြင်း၊ ခွေးရူးကာကွယ်ဆေးထိုးခြင်း စတာ တွေကို မြို့နယ်အလိုက် ဌာနဆိုင်ရာ အားလုံး ပူးပေါင်းပြီး တော့ ဆောင်ရွက်သင့်ပါတယ်။
ထိန်းသိမ်းစောင့်ရှောက်
ခွေးတွေကို ကာကွယ်ဆေးထိုးဖို့အတွက် အလှူရှင်တွေ၊ ပြည်တွင်း၊ ပြည်ပအသင်းအဖွဲ့၊NGO ၊ INGOတွေနဲ့ ဆက်သွယ်ဆောင်ရွက်သင့်ပါတယ်။ ယခင် OIE ကနေပြီးတော့ မြန်မာပြည်အတွက် ခွေးရူးကာကွယ်ဆေး ခွေးကောင်ရေ လေးသိန်းအတွက် လှူဒါန်းခဲ့ပါတယ်။ခွေးရူးကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာနက လည်း လူတွေအတွက် ဝယ်ယူသုံးစွဲခဲ့ပါတယ်။ ၂၀၁၅ - ၂၀၁၆ မှာ ကာကွယ်ဆေး ၄၀ဝ၀ဝ၀၊ ၂၀၁၆ - ၂၀၁၇ မှာ ကာကွယ်ဆေး ၄၅၀ဝ၀ဝ၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွက်ဆိုရင် ခွေးရူးပြန်ကာကွယ်ဆေး ၃၃၀ဝ၀ဝ နဲ့ဖြေဆေး RIG - ၃၀ဝ၀ဝ ဝယ်ပြီးတော့ တိုင်းဒေသကြီး နဲ့ ပြည်နယ်က ဆေးရုံတွေကို ဖြန့်ဖြူးပေးခဲ့ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့လည်း ခွေးတွေကိုကာကွယ်ဆေးထိုးဖို့ ဘတ်ဂျက်ချမှတ် ဆောင်ရွက်ပေး မယ်ဆိုလို့ရှိရင် ပိုမိုအောင်မြင်မှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်လည်း အများကြီးသက်သာသွားမယ်။ ခွေးတွေရဲ့၇၀ ရာခိုင်နှုန်းလောက်ကို ထိုးပေးနိုင်ရန် ဖြစ်ပွားနှုန်း အများကြီးလျော့ကျတယ်လို့ ဆိုပါတယ်။ ခွေးရူးရောဂါ သာ မကြောက်ရရင် နိုင်ငံခြားခရီးသွားတွေလည်း ပိုမိုဝင်ရောက်လာနိုင်မှာ ဖြစ်ပါတယ်။ လယ်ဝေး၊ ညောင်ဦး နှင့် မှော်ဘီမြို့နယ်တွေမှာ စမ်းသပ်ဆောင်ရွက်ထားပြီး လည်း ဖြစ်ပါတယ်။ အခုအချိန်ကစပြီးတော့ ခွေးရူးရောဂါ ရပ်တန့်သွားအောင် ဆောင်ရွက်ဖို့လိုပါပြီ။ ဒါကြောင့်လူမှုရေးဆိုင်ရာ ယဉ်ကျေးမှုဖြစ်ဖြစ်၊ နည်းပညာပိုင်းအရ ပဲဖြစ်ဖြစ်၊ သုတေသနပြုလုပ်ခြင်း၊ အဖွဲ့အစည်းတွေနဲ့ဆက်သွယ်ဆောင်ရွက်ခြင်း၊ အမိန့်၊ ညွှန်ကြားချက်တွေထုတ်ပြန်ခြင်း၊ ဘဏ္ဍာငွေ ချမှတ်သုံးစွဲခြင်းတွေ ပြုလုပ်ရပါမယ်။ ဘဏ္ဍာငွေ ချမှတ်သုံးစွဲခြင်းဆိုတဲ့ နေရာမှာ လည်း လူအတွက်သာမက ခွေးတွေအတွက် ကာကွယ်ဆေးထိုးဖို့၊ လမ်းဘေး ခွေးတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုပါတယ်။
တကယ်လို့ တစ်တိုင်းပြည်လုံးအနေအထားအနေနဲ့လမ်းဘေးခွေးတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ မဖြစ်နိုင် သေးဘူးဆိုရင်တောင်မှ လမ်းဘေးမှာရှိတဲ့ ခွေးတွေကိုမျိုးမပွားအောင် တားဆေးထိုးခြင်း၊ သင်းကွပ်ခြင်း စတာ တွေလုပ်ဖို့အတွက် ဘဏ္ဍာငွေချမှတ်သုံးစွဲဖို့ လိုပါတယ်။ လူနဲ့ တိရစ္ဆာန်တွေမှာဖြစ်ပွားတဲ့ ခွေးရူးရောဂါကို လျော့နည်းကျဆင်းအောင် စီမံချက်ချမှတ် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ဖို့ အထူးလိုအပ်ပါကြောင်း တင်ပြလိုက်ပါတယ်။ ။