နေပြည်တော် ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၉၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၈ ရက် မွန်းတည့် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဘုရားငါးဆူ ကျေးရွာအနီးတွင် ရဲဇော်ဦး(ခ)ကုလား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရ ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီတွင် ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ဆူးပုတ်ကန်ကျေးရွာအနီးရှိ ပြောင်းခင်းအတွင်း သိုဝှက်ထားသည့် ဆာလာအိတ် ၃ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၈၅ သိန်းအားလည်းကောင်း၊ ယင်းမာပင်ကျေးရွာ၏ အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာ တောအတွင်းရှိ မီးသွေးဖိုအဟောင်းမှ ဆာလာအိတ် ၅ အိတ်ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်းကိုလည်းကောင်း ဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိခဲ့ကြောင်း။
စစ်ဆေးပေါ်ပေါက်အရ ဇန်နဝါရီ ၂၃ ရက် နံနက် ၇ နာရီတွင် သာစည်မြို့နယ်၊ ရှမ်းရွာကျေးရွာတွင် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ စိုးနိုင်ကို မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၉၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


