နေပြည်တော် ဇန်နဝါရီ ၂၅

 

မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် (၁၂)ကြိမ်မြောက် အာဆီယံဥပဒေရေးရာ ဝန်ကြီးများအစည်းအဝေး (12th ASEAN LAW MINISTERS MEETING - ALAWMM) နှင့် (၂၂)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများအစည်းအဝေး (22nd ASEAN LAW OFFICIALS MEETING - ASLOM) ကို ဇန်နဝါရီ ၂၃ ရက်မှ ၂၅ ရက်အထိ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပခဲ့ရာ (၁၂)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက လည်းကောင်း၊ (၂၂)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးကလည်းကောင်း ဆောင်ရွက်ကြသည်။

 

အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တရားရေးနှင့် ဥပဒေရေးရာ ဝန်ကြီးများ၊ ရှေ့နေချုပ်များ၊ အဆင့်မြင့်ဥပဒေအရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။

 

(၂၂)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေး၏ ဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်ပြုပါကြောင်းနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း၏ မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေးမှ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနီးကပ်စွာဆောင်ရွက်ရန် အကြံပြုပါကြောင်း၊ အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီး၏ ဥပဒေဝန်းကျင် ဖွံ့ဖြိုးတိုးတက်စေရန် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သဖြင့် ဤအစည်းအဝေးမှ ဆွေးနွေးမှုရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။

 

ဇန်န်နဝါရီ ၂၅ ရက်တွင် (၁၂)ကြိမ်မြောက် အာဆီယံဥပဒေရေးရာ ဝန်ကြီးများအစည်းအဝေးကို ဆက်လက်ကျင်းပရာ အစည်းအဝေး၏ ဥက္ကဋ္ဌ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းအရ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်မှု၊ တူညီဆန္ဒဖြင့်သာဆုံးဖြတ်မှုနှင့် ပုံစံကွဲပြားသော်လည်း ညီညွတ်မှုရှိခြင်းဟူသည့် အခြေခံမူကြီးများကို အပြည့်အဝ လေးစားလိုက်နာပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ အသိုက်အဝန်းများနှင့် ဒေသတွင်းပေါင်းစည်းမှု တည်ဆောက်ရန်အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်၏ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်တို့နှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည့် တစ်ခုတည်း‌သော ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ဥပဒေဘာသာပြန်ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အာဆီယံဥပဒေပညာရှင်များအသင်း(မြန်မာ)၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု” ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၀-၂၀၂၄ မဟာဗျူဟာ စီမံကိန်းကို ချမှတ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း။

 

ဥပဒေရေးရာဝန်ကြီးဌာနသည် အာဆီယံဒေသတွင်း ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်မှုများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာနှင့်လည်း ဥပဒေရေးရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤအစည်းအဝေးသည် ဥပဒေပညာရှင်များ အချင်းချင်း ထိတွေ့ဆက်ဆံရန်၊ အမြင်ချင်းဖလှယ်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန်အတွက် အဓိကကျသည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ (၁၂)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး၏ ရလဒ်များသည် အာဆီယံပဋိဉာဉ်စာတမ်းအရ ဘုံရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စေရန်အတွက် အာဆီယံဥပဒေရေးရာ ဝန်ကြီးများအကြား ပိုမိုနားလည် သဘောပေါက်လာစေရန် အထောက်အကူ ဖြစ်စေမည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် Online စနစ်ဖြင့် အစည်းအဝေးများကျင်းပမှု များပြားလာသည့်နှင့်အညီ မိမိတို့အတွက် အချိန်နှင့်ငွေကြေးကို ချွေတာနိုင်ပါကြောင်း၊ အစည်းအဝေးများတွင် လူချင်းတွေ့ဆုံ ဆွေးနွေးခြင်းသည် ပိုမိုနီးကပ်သော ချစ်ကြည်ရင်းနှီးမှုအတွက် အရေးကြီးသည်မှာ မှန်သော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန်အတွက် Online အစည်းအဝေးများကိုလည်း ပိုမို အကောင်အထည်ဖော်နိုင်ရန် အကြံပြုလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် (၂၂)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေးတွင် အာဆီယံတရားခံလွှဲပြောင်းရေး သဘောတူစာချုပ်၏ ဖြစ်ပေါ်တိုးတက်မှုဆိုင်ရာကိစ္စ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ဥပဒေရေးရာကိစ္စအာဆီယံကုန်သွယ်ရေးဥပဒေ လိုက်လျောညီထွေဖြစ်စေရေးကိစ္စ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အပြစ်ကျတရားခံ အပြန်အလှန် လွှဲပြောင်းပေးရေးကိစ္စ ပြစ်မှုတားဆီးကာကွယ်ရေးနှင့် တရားမျှတရေးဆိုင်ရာကိစ္စ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စအာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တရားမနှင့် ကုန်သွယ်ရေးတို့တွင် ဥပဒေဆိုင်ရာ အပြန်အလှန် အကူအညီပေးရေးကိစ္စ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများနှင့် စပ်လျဉ်းသည့်ကိစ္စ၊ အာဆီယံ ဥပဒေပညာရှင်များအသင်းနှင့် စပ်လျဉ်းသည့်ကိစ္စနှင့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန်အကူအညီပေးရေး သဘောတူစာချုပ်နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို လည်းကောင်း၊ (၁၂)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေးတွင် (၂၁)ကြိမ်မြောက်နှင့် (၂၂)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများအစည်းအဝေး အစီရင်ခံစာများအား အတည်ပြုခြင်းကိစ္စ၊ (၁၃)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး ကျင်းပမည့် နေရာနှင့်အချိန်တို့ကို သတ်မှတ်ခြင်းကိစ္စ၊ (၁၂)ကြိမ်မြောက် အာဆီယံဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်အား ဆွေးနွေးအတည်ပြုခြင်းကိစ္စနှင့် (၁၂)ကြိမ်မြောက် အာဆီယံ ဥပဒေရေးရာဝန်ကြီးများ အစည်းအဝေး အစီရင်ခံစာအား အတည်ပြုခြင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်