နေပြည်တော်၊ ဇန်နဝါရီ ၂၅
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံရှိ သံမဏိစက်ရုံများ၊ ဆေးဝါးစက်ရုံ၊ အထည်အလိပ်စက်ရုံ၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများအား သွားရောက် လေ့လာကြည့်ရှုခဲ့မှုနှင့် ပတ်သက်သည့် အသိပညာမျှဝေ ဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းလီမိတက်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အိန္ဒိယသမ္မတနိုင်ငံရှိ စက်ရုံများတွင် စီမံခန့်ခွဲမှုစနစ်၊ အရည်အသွေး အာမခံမှုစနစ်၊ အရည်သွေး ထိန်းသိမ်းသည့်စနစ်၊ စက်ပစ္စည်းများအား ထိန်းသိမ်းပြုပြင်မည့် စနစ်တို့သည် လွန်စွာကောင်းမွန်သည့်အတွက် အတုယူ၍ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနရှိ မျိုးဆက်သစ်လူငယ် ဝန်ထမ်းများအား ခေတ်မီနည်းပညာများ ရရှိနိုင်ရေးအတွက် On Job Training များ၊ ပညာတော်သင်များကို စေလွှတ်သွားရမည်ဖြစ်ကြောင်း၊ မကြာမီအချိန်တွင် အိန္ဒိယသမ္မတနိုင်ငံရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့လာရောက်၍ ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်သွားမည်ဖြစ်၍ ဆွေးနွေးမည့်အကြောင်းအရာ ကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ထား ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းလီမိတက်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တည်ဆောက်ရေး စီမံကိန်းအဖွဲ့ အကြံပေးပုဂ္ဂိုလ်၊ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စက်ရုံမှူးတို့က စက်ရုံများ လေ့လာကြည့်ရှုစဉ် တွေ့ရှိချက်များ၊ သုံးသပ်ချက်များ၊ အကြံပြုချက်တို့ကို ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


