နေပြည်တော်၊ ဇန်နဝါရီ ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai ကိုယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ ဆုံသည်။
တွေ့ဆုံစဉ်ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များဖြစ်သည့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ပေးနေမှုများ၊ မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘောတူညီချက်များအတိုင်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီက ဆောင်ရွက်လျက် ရှိသည့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေနှင့် ဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံတော်အစိုးရက ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာကိစ္စရပ်များအား ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


