နေပြည်တော်၊ ဇန်နဝါရီ ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ နှင့်အတူ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော သပြေစမ်းကျေးရွာ အဝင်လမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက လက်ရှိလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၂၄၅ အိမ်၊ လူဦးရေ ၈၆၇ ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် အကျိုးပြုပေးနိုင်မှာဖြစ်ကြောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေးကြီးကြပ် ဆောင်ရွက်ကြရန်မှာကြားပြီး ကျေးရွာအတွင်း တစ်ပိုင်တစ်နိုင် နွားမွေးမြူရေးနှင့် ဆိတ်မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုအားပေးသည်။

mdn

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာသို့ ရောက်ရှိပြီး ပျဉ်းမနားမြိုနယ် သမဝါယမအသင်းစုပိုင် စိုက်ပျိုးဧက ၁၅ ဧက ပေါ်တွင် ရုရှားသဘာဝ မြေဩဇာအသုံးပြု၍ အစေ့ထုတ်ပြောင်း GT-200 မျိုး စမ်းသပ်စိုက်ပျိုးထားရှိမှု၊ နွေစပါးနှင့် ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှု၊ ပြောင်းချဉ်ဖတ်ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသားတောင်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သီးနှံများ အထွက်တိုးစေရေးအတွက် လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို စနစ်တကျ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို စနစ်တကျ မှတ်တမ်းတင်ထားရှိရန် လိုအပ်ကြောင်း၊ ပြောင်းချဉ်ဖတ် ထုတ်လုပ်ရာတွင် ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်