နေပြည်တော်၊ ဇန်နဝါရီ ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ ယနေ့နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့ရှိ မဉ္ဇူသကခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးနှင့် လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ (ကော့သောင်း)တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံချက်များဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်း၊ e-ID စနစ်အတွက် Biographic/Biometric ကောက်ယူခြင်းလုပ်ငန်းနှင့် ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကော့သောင်းဒေသသည် ထိုင်းနိုင်ငံနှင့် ရေလမ်းကြောင်းဖြင့် ဆက်စပ်နေသည့် နိုင်ငံတကာ ဝင်/ထွက် ပေါက်ဖြစ်သည်နှင့်အညီ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့် တိကျမှန်ကန်စွာ စနစ်တကျ ဆောင်ရွက်ကြရေး၊ တစ်ဖက်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမားများအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဝင်/ထွက် သွားလာအလုပ်လုပ်ကိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာတင်ပြချက်များကို လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမသို့ သွားရောက်၍ အဆိုပါခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားကတ်ပြား ဆောင်ရွက်ပေးခြင်း၊ e-IDစနစ်ဖြင့် Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်း (One Stop Service) ဆောင်ရွက်ပေးနေမှုနှင့် မြို့နယ်ရုံးမှ နိုင်ငံသား ကတ်ထုတ်ပေးမှု မှတ်ပုံတင်စာအုပ် (နိုင်-၄) ပါ အချက်အလက်များအား ရုံးချုပ်Server အတွင်း ထည့်သွင်းထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ တိုက်ဆိုင်စိစစ် အတည်ပြုဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
အဆိုပါ အခမ်းအနားတွင် လာရောက်ဆောင်ရွက်သည့် ဒေသခံပြည်သူများအနက် နိုင်ငံသားကတ်ပြား မရှိသေးသူများ၊ ပျောက်ဆုံး/ပျက်စီး၍ ပြန်လည်လျှောက်ထားသူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီးနောက် e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူခြင်း လုပ်ငန်းကို တပါတည်းဆောင်ရွက်ပေးပြီး နိုင်ငံသားကတ်ရှိပြီးသူများအား Biographic / Biometric များကောက်ယူ၍ e-ID စနစ်အတွက် ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို တစ်နေရာတည်းတွင် တပါတည်း ဆောင်ရွက်ပေးခြင်း ဖြစ်ရာ နိုင်ငံသားကတ်မရှိသူ (၄၁) ဦးကို နိုင်ငံသားကတ်ထုတ်ပေးခဲ့ပြီး နိုင်ငံသားကတ်ရှိပြီးသူ (၃၀) နှင့်အတူ စုစုပေါင်း (၇၁) ဦး အား e-ID စနစ် ဆောင်ရွက်ပေး၍ Unique ID နံပါတ်များ ထုတ်ပေးနိုင်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကော့သောင်းမြို့၊ ရွှေဝက်ဝံတံတားအနီးရှိ အလုပ်သမားဝန်ကြီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားရုံး၊ MoU U-Turn ဆောင်ရွက်ပေးသည့် စခန်းသို့သွားရောက်၍ MoU U-Turn အလုပ်သမားများအတွက် OWIC ကတ် ထုတ်ပေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးဒုတိယဌာနခွဲမှ ဝန်ထမ်းမျာက e- ID စနစ်ဖြင့် နိုင်ငံသား စိစစ် အတည်ပြု ဆောင်ရွက်နိုင်ရေး စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှုနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် အလုပ်သမား ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်မှာကြားကာ စခန်းအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကော့သောင်းမြို့၊ မြို့မဆိပ်ခံတံတား ယာယီဖွင့်လှစ်ဆောင်ရွက်မည့်နေရာနှင့် လူဝင်မှုစစ်ဆေးရေးဆိုင်ရာ ယာယီရုံး တည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြို့မတံတားရှိ လူဝင်မှုစစ်ဆေးရေး ဒုတိယဌာနခွဲရှိ Passport ဖြင့် ဝင်ထွက်သွားလာသည့် နိုင်ငံခြားသားများ စစ်ဆေးရေး ကောင်တာနှင့် BP / TBP စစ်ဆေးထုတ်ပေးရေး ကောင်တာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြို့မတံတားမှ ရေယာဉ်ဖြင့် ထွက်ခွာ၍ မြွေတော်ကျွန်း၊ ရတနာကျွန်းနှင့် သူဌေးကျွန်းတို့ရှိ လူဝင်မှုစစ်ဆေးရေးဂိတ်များသို့ လှည့်လည်ကြည့်ရှု စစ်ဆေးကြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


