နေပြည်တော်၊ ဇန်နဝါရီ ၂၅
 (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး စီမံခန့်ခွဲမှုကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ပြည်ထောင်စုနေ့ကျင်းပရေး ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက ယခင်နှစ်က ကျင်းပခဲ့သည့် အခမ်းအနားတွင်ကြုံတွေ့ခဲ့ရသည့် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာရယူပြီး ပြန်လည်သုံးသပ်၍ ယခုနှစ်တွင် ပိုမိုကောင်းမွန် ပြည့်စုံအောင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။
ယင်းနောက် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများက မိမိတို့ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ကြသည်။
ထို့နောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်