တီဟီရန်၊ ဇန်နဝါရီ ၂၆
အကြမ်းဖက်မှုနှိမ်နင်းရေး နယ်ပယ်တွင် အီရန်နှင့် ရုရှားနိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဟု အီရန်အမျိုးသား လုံခြုံရေးကောင်စီ (SNSC) ၏ ထိပ်တန်းအတွင်းရေးမှူး အလီအက် ဗာအန်ဗာဒင်က ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားသည်။
မော်စကိုမြို့ရှိ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး နီကိုလိုင်ပတ်ထရူရှဗ်နှင့် တွေ့ဆုံရာတွင် အီရန် အမျိုးသား လုံခြုံရေးကောင်စီ (SNSC) ၏ ထိပ်တန်းအတွင်းရေးမှူး အလီအက်ဗာအန်ဗာဒင်က ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံဆိုင်ရာ အီရန်သံရုံး၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။
အီရန်နိုင်ငံ အရှေ့တောင်ပိုင်း ကာမန်မြို့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု အပြီးတွင် အီရန်နိုင်ငံသားများအပေါ် စာနာကြောင်းပြသခဲ့သည့် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အဆင့်မြင့်အရာရှိများကို ကျေးဇူးတင်ကြောင်းနှင့် မိမိတို့နှစ်နိုင်ငံအကြား အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဟု အလီအက်ဗာအန်ဗာဒင်က ထပ်လောင်းပြောကြားသည်။
ဂါဇာကမ်းမြောင်တွင် အစ္စရေး၏ တိုက်ခိုက်မှုများကို အဆုံးသတ်ရေးအတွက် တောင်းဆိုခဲ့ပြီး ဂါဇာဒေသ အရေးတွင် ရုရှားက အပြုသဘောဆောင်သည့် ရပ်တည်ချက်ရှိကြောင်း ၎င်းက ပြောကြားသည်။
အီရန်နိုင်ငံ ကာမန်မြို့၌ ဇန်နဝါရီ ၃ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက်ဗုံးခွဲမှုနှစ်ခုကို ရှုတ်ချခဲ့ပြီး အီရန်ပြည်သူများနှင့် အစိုးရကိုယ်စား ဝမ်းနည်းကြောင်း ပတ်ထရူရှဗ်က ပြောကြားခဲ့သည်။
မော်စကိုနှင့် တီဟီရန်အကြား ဆက်ဆံရေးကိုလည်း အဆင့်သစ်သို့ မြှင့်တင်သွားမည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ