ဇန်နဝါရီ ၂၆

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၃ ခုနှစ်က ဒူးရင်းသီး၊ ထောပတ်သီးနှင့် သရက်သီးတင်ပို့မှုများသည် ၄၀၀၀ ရာခိုင်နှုန်း၊ ၃၁၆ ရာခိုင်နှုန်းနှင့် ၁၀၉ ရာခိုင်နှုန်းတို့ဖြင့် အသီးသီးမြင့်တက်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ၏စိုက်ပျိုးရေးဌာနက ယမန်နေ့ကပြောကြားသည်။

ယမန်နှစ်က ဒူးရင်းသီး ၄၇၃၁ တန်၊ တန်ဖိုးအားဖြင့် ပီဆို ၁ ဒသမ ၈၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၄၄ သန်း)၊ ထောပတ်သီး ၃၀၄၅ ဒသမ ၆ မက်ထရစ်တန်၊ တန်ဖိုးအားဖြင့် ပီဆို ၃၇၇ သန်း (အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၇ သန်း)နှင့် သရက်သီး ၁၂၅၄၈ ဒသမ ၄၉ မက်ထရစ်တန်၊ တန်ဖိုးအားဖြင့် ပီဆို ၂ ဒသမ ၉ ဘီလီယံ (ဒေါ်လာ ၅၁.၃၂ သန်း) တင်ပို့ခဲ့သည် ဟု ထိုဌာနက ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံသည်  လတ်ဆတ်သောဒူးရင်းသီးတင်ပို့မှုဆိုင်ရာသဘောတူညီချက်တစ်ရပ်ကို တရုတ်နိုင်ငံနှင့် ယမန်နှစ်က လက်မှတ်ရေးထိုးခဲ့သည်။

၂၀၂၃ ခုနှစ်က လတ်ဆတ်သောထောပတ်သီးများကိုလည်း တောင်ကိုရီးယားနိုင်ငံသို့လည်းကောင်း၊ လတ်ဆတ်မှုရှိသော သရက်သီးများကို ဩစတြေးလျနိုင်ငံသို့လည်းကောင်း တင်ပို့မှုကိုပြန်လည်စတင်ခဲ့သည်ဟုလည်းသိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို