ရန်ကုန် ဇန်နဝါရီ ၂၆
(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆုနှင့်ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် ကနောင်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် (UMFCCI)နှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)တို့မှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ စီမံခန့်ခွဲရေးကော်မ တီဝင်များ၊ ဖိတ်ကြားထားသည့် စက်ရုံ၊ အလုပ်ရုံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရရှိပြီးသည့် စက်ရုံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဉီးစွာပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးဆိုင်ရာကိစ္စရပ်များကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များကို အသိအမှတ်ပြုသည့်အနေဖြင့် အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET) မှ ချီးမြှင့်သည့်ဆုများကို မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များသိရှိပြီး ပါဝင်ယှဉ်ပြိုင်စေလိုသည့်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း။
အာဆီယံဒေသတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်သားထုနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် လုပ်ငန်းခွင် ပတ်ဝန်းကျင် ဖန်တီးပေးရေးအတွက်ရည်ရွယ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET)တွင် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီးဆောင်ရွက်နေကြောင်း၊ ASEAN-OSHNET သည် အာဆီယံဒေသတွင်း အလုပ်သမားများအတွက် ကောင်းမွန်သော လုပ်ငန်းခွင် အခြေအနေများကို စိတ်ဝင်တစားဖြင့် တက်ကြွစွာ ဆောင်ရွက်ပေးနေသော လုပ်ငန်းရှင်များကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၆ ခုနှစ်မှစ၍ (၂) နှစ်လျှင် တစ်ကြိမ် ချီးမြှင့်လျက်ရှိရာ အဆိုပါဆုများကို မြန်မာနိုင်ငံအနေဖြင့် ကျင်းပသည့်အကြိမ်တိုင်းတွင် ယှဉ်ပြိုင်ရယူနိုင်ခဲ့ပြီး ဒေသတွင်းအဆင့် ယှဉ်ပြိုင်နိုင်စွမ်းပုံရိပ်ကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ကြောင့် ဆုရရှိသူများအတွက်သာမက နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်ခဲ့ရကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ကဦးစီးဌာန၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားပြီး ဆုဝင်ရောက်ယှဉ်ပြိုင် လိုသူများအတွက် အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ဆုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို သိရှိနားလည်စေရန် Video Clip ဖြင့် ရှင်းလင်းပြသသည်။ယင်းနောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကဆုရွေးချယ်ရေးနှင့် ပတ်သက်သည့် စံနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
၂၀၂၄ ခုနှစ်တွင် စင်္ကာပူနိုင်ငံ၌ ကျင်းပမည့် (၅) ကြိမ်မြောက် ဆုရွေးချယ် ချီးမြှင့်ပွဲတွင် ယခင်နှစ်များကဲ့သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များကို ဆုများရရှိစေရေး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအတွင်း ဆုရွေးချယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်မည် ဖြစ်သည့်အတွက် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများမှ လုပ်ငန်းပိုင်ရှင်များအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် ထူးခြားစွာ ဆောင်ရွက်ထားသော ကုန်ထုတ်သည့် စက်ရုံ၊ အလုပ်ရုံနှင့် အဆောက်အဦး တည်ဆောက် ရေးလုပ်ငန်းများမှ လုပ်ငန်းရှင်များအတွက် ASEAN-OSHNET Excellence Award ကိုလည်းကောင်း၊ လုပ်သားအင်အား (၅၀) မှ (၃၀၀) အထိရှိ အသေးစားနှင့် အလတ်စား စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများ၊ လုပ်သားအင်အား (၃၀၀) မှ (၆၀၀) အထိရှိ လုပ်အား အခြေပြု ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် လက်ခစားလုပ်ကိုင်သည့် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများမှ လုပ်ငန်းပိုင်ရှင်များ အတွက် ASEAN-OSHNET Best Practices Award ကိုလည်းကောင်း ပေးအပ်ချီးမြှင့်မည်ဖြစ်သည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
သတင်းစဉ်


