ရန်ကုန် ဇန်နဝါရီ  ၂၆ 

အပြည်ပြည်ဆိုင်ရာ အကောက်ခွန်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်) ဇေယျာသီဟခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အကောက် ခွန်ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာအကောက်ခွန် နေ့အဖြစ်သတ်မှတ်ခြင်းသည်  ကမ္ဘာတစ်ဝန်းရှိ အကောက်ခွန်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရန်၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်အကောက်များ အပြည့်အဝရရှိအောင် ကောက်ခံပေးနေသော အကောက်ခွန်ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းတင်နိုင်ရန်နှင့် အကောက်ခွန်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ အားကောင်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၁ ခုနှစ်က ကမ္ဘာ့အကောက်ခွန်အဖွဲ့ (World Customs Organization- WCO) သို့ အဖွဲ့ဝင် အဖြစ် ဝင်ရောက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အကောက်ခွန်နေ့အခမ်းအနားကို နှစ်စဉ် ကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၃၃) နှစ်တိုင် ရှိလာပြီဖြစ်ကြောင်း။

ယခု ၂၀၂၄ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာအကောက်ခွန်နေ့ဆောင်ပုဒ်မှာ “Customs-Engaging Traditional and New Partners with Purpose” ဖြစ်ပါကြောင်း၊ အဆိုပါဆောင်ပုဒ်ကို ချမှတ်ခြင်းသည် ကမ္ဘာ့အခင်းအကျင်းတွင် အရှိန်အဟုန်ဖြင့်ပြောင်းလဲ လာသည့် နည်းပညာတိုးတက်မှုများ၊ ကုန်သွယ်မှုလျင်မြန် တိုးတက်ပြောင်းလဲလာမှုများနှင့်အတူ စိန်ခေါ်မှုများကို ကျော်လွှားသွားနိုင်ရန်နှင့် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရန် ရည်ရွယ်ခြင်းလည်း ဖြစ်ကြောင်း၊ အစိုးရဝန်ဆောင်မှုလုပ်ငန်းများတွင် ပြည်သူများ၏ယုံကြည်မှုကို ရရှိရန် နိုင်ငံ့ဝန်ထမ်းတိုင်းတွင် တာဝန်ရှိကြောင်း၊ ထို့ကြောင့် အကောက်ခွန်ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူများ၏ယုံကြည်မှုကို အပြည့်အဝရရှိနိုင်ရေးအတွက် ကမ္ဘာ့အကောက်ခွန်အဖွဲ့ကထုတ်ပြန် ထားသော ကိုယ်ကျင့်သိက္ခာနှင့် ကျင့်ဝတ်စံနမူနာပြု ပုံစံ (Model Code of Ethics and Conduct)ကို စောင့်ထိန်းနိုင်ရန် အရေးကြီးကြောင်း၊ အကောက်ခွန်ဦးစီးဌာနအနေဖြင့် သမားရိုး ကျလုပ်ငန်းဆောင်ရွက်မှုမှ နည်းပညာပလက် ဖောင်းလမ်းကြောင်းတွင် ခေတ်မီနည်းပညာ များဖြင့် နိုင်ငံ့တာဝန်ကိုထမ်းဆောင်နိုင်ရေးသည် အရေးကြီးကြောင်း၊ လက်ရှိအကောင်အထည် ဖော်နေသည့် မြန်မာ့ကုန်ပစ္စည်းအလိုအလျောက်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System - MACCS) စနစ်ကို အခြေခံပြီး နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် (National Single Window)နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှ ချမှတ်ထားသည့်မူဝါဒ များနှင့် အကောက်ခွန်ဦးစီးဌာနကချမှတ်ထားသည့် မူဝါဒဖြစ်သော “ရှင်းလင်း လွယ်ကူသော အကောက်ခွန်လုပ်ထုံးလုပ်နည်းများဖြင့် ကုန်သွယ်မှုလွယ်ကူလျင်မြန်ချောမွေ့စေရန်နှင့် ရသင့်ရ ထိုက်သောအခွန်ငွေများ ပြည့်ဝစွာရရှိစေရန်” တို့ကိုလည်း လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာအကောက်ခွန်နေ့ အခမ်းအနားတွင် မှာကြားလိုသည်မှာ အကောက်ခွန်ဦးစီးဌာန၏ဂုဏ်ကို ရေရှည်လင်းလက်တောက်ပနေရန် အရှိန်မြှင့်တင်၍ အစွမ်းကုန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အကောက်ခွန် ဝန်ထမ်းများ၏ကြိုးပမ်းဆောင် ရွက်မှုများကိုထာဝစဉ် မှတ်ကျောက်တင်ခံနိုင်စေရေးအတွက် အလေးထား ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ က အကောက်ခွန် ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အကောက်ခွန်ဦးစီး ဌာနရှိ ဌာနခွဲများအလိုက် ဂုဏ်ပြုမှတ်တမ်းတင်ဆုရ ဘောလုံးအသင်း၊ ချီးကျူးဂုဏ်ပြုဆုရရှိကြသူများ၊ လုပ်ငန်းစွမ်းဆောင်ရည် ချီးကျူးဂုဏ်ပြုဆုရရှိကြသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ ဂုဏ်ပြုမှတ်တမ်းတင်ဆုရရှိကြသူများ၊ ဘဏ္ဍာနှစ်အတွင်း အခွန်လျာထား ချက်ကျော်လွန်အောင် ကောက်ခံနိုင်သည့်အတွက် ချီးကျူးဂုဏ်ပြုဆုရရှိကြသူများ၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုဆုရရှိကြသူများ၊ လုပ်ငန်းစွမ်းဆောင်ရည် ဂုဏ်ပြုမှတ်တမ်းတင်ဆုရရှိကြသူများ၊ သွေးလှူဒါန်းမှု (၅)ကြိမ်နှင့်အထက် ချီးကျူးဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းတင်ဆုရရှိကြသူများ၊ ဌာနခွဲအလိုက် လုပ်ငန်းစွမ်းဆောင်ရည်ဆု ရရှိကြသူများနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိကြသည့် အကောက်ခွန် ဝန်ထမ်းမိသားစုဝင်များကို ဆုများပေးအပ်ချီးမြှင့်ကြသည်။ 

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် နှင့်အဖွဲ့သည် အကောက် ခွန်ဦးစီးဌာန၏ တစ်နှစ်တာလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် အကောက်ခွန်သမိုင်း ပြတိုက် အတွင်း လှည့်လည်ကြည့်ရှုကြပြီး ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။ ယင်းနောက် အကောက်ခွန်ဦးစီးဌာနရှိ E-Lock Control Room မှတစ်ဆင့် လုပ်ငန်းဆောင် ရွက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်