ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါအဝင် နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်စေရေးအတွက် ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များ၊ ဟိုတယ်နှင့် ခရီးသွားကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၂၆

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး သည် နေပြည်တော် ကောင်စီနယ်မြေအတွင်း တည်ထားကိုးကွယ်သော မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး အပါအဝင် နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်)၊ နေပြည်တော်ခရီး သွားလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရီးသွားကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပက အဖွဲ့ ဥက္ကဌ ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်တွင် နေပြည်တော်ရှိ ခရီးသွားဆွဲဆောင်ရာ (၃၈) နေရာသို့ ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များ သွားရောက်လည်ပတ်ကြသည်ကို တွေ့ရှိရပါကြောင်း၊ မကြာသေးမီက ဗုဒ္ဓဥယျာဉ်ဝတ္တု ကံတော်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များ အနက်ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထား ပူဇော်ထားသည့်အတွက် ဘုရားဖူးခရီးသွား လုပ်ငန်းအတွက် ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွား အသင်းအဖွဲ့များ၊ ခရီးသွားကုမ္ပဏီများအနေနှင့် နိုင်ငံတကာခရီးသွား ဧည့်သည်များ အတွက် ပြည်တွင်း၌သွားရောက်လည်ပတ်သော ခရီးစဉ်များရေးဆွဲရာတွင် ခရီးစဉ် ဒေသတစ်ခုအဖြစ် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊   နေပြည်တော်အနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ခရီးသွားအ ဆောက်အအုံများရှိနှင့်ပြီးဖြစ်သည့်အတွက် ပြည်တွင်း/ ပြည်ပခရီးသွား ဈေးကွက် ရရှိရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ စနစ်တကျဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအေးထွန်းက ပြည်တွင်း/ပြည်ပဘုရားဖူးခရီးစဉ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ဆောင်ရွက်သင့်သည်များ၊ ဖြစ်ပေါ်လာမည့် အခက်အခဲများအပေါ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်သင့်သည်များ၊ ဘုရားဖူးခရီးစဉ်နှင့် တွဲဖက်၍ အခြားခရီးသွားဆွဲဆောင်ရာနေရာများသို့ လည်ပတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသင့် သည်များ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးအတွက် အကြံပြုချက်များကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေ၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘုရားဂေါပကအဖွဲ့ ဥက္ကဌ၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေး တင်ပြကြပြီး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်