နေပြည်တော် ဇန်နဝါရီ ၂၆

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို နှင့်အတူ ယနေ့နံနက် (၁၁) နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင် စာရင်း ကြီးကြပ်မှုကော်မတီဝင်များကို တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တနင်္သာရီတိုင်း ဒေသကြီးအနေဖြင့် စာရင်းကောက်အ ဖွဲ့ပေါင်း (၆၄၁) ဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင်  e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် ကောက်ယူမှု (၃ ဒဿမ ၅ ) သိန်းကျော်၊ အလွတ်ပုံစံဖြင့် ကောက်ယူမှု (၈) သောင်းကျော်၊  စုစုပေါင်း (၄ ဒဿမ ၃) သိန်းကျော်  ကောက်ယူပြီးစီးခဲ့ပြီး လျာထားချက် ရာနှုန်းပြည့်ကောက်ယူနိုင်ခဲ့ပါကြောင်း၊ ကောက်ယူရရှိသည့် စာရင်းအချက်အလက်များကိုလည်း ရုံးချုပ်ရှိ e-ID Sever အတွင်းရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ် ပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်းလုပ်ငန်းကိုလည်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်လိုကြောင်း။

တနင်္သာရီတိုင်းဒေသကြီး အနေဖြင့် မြေပြင်ကွင်းဆင်းကောက်ယူရာတွင် အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စု (၈) သောင်းကျော်အနက် အမှန်တကယ် အိမ်ထောင်စုစာရင်းရှိ/မရှိ စိစစ်၍ နိုင်ငံတော်အစိုးရမှ မြို့နယ်အဆင့် ဖွဲ့စည်းပေးထားသည့် (၅)ဦးကော်မတီဖြင့် အသေးစိတ်စိစစ် အတည်ပြုကာ နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူများကို ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက် အဆင့်(၃) ဖြင့် ဆက်လက် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနမှ တာဝန်ယူ၍ နိုင်ငံအတွင်း နေထိုင်သူအားလုံးကို ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ e-ID Database အတွင်းသိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်ထုတ်ပေးလျက်ရှိရာ တနင်္သာရီတိုင်း ဒေသကြီးအနေဖြင့် လူဦးရေ(၈)သောင်းကျော်ခန့်ကို ကောက်ယူပြီးစီးပြီဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကိုလည်း ပန်းခင်းစီမံချက်နှင့်အတူ နိုင်ငံသားကတ်ရှိပြီးသူများနှင့် နိုင်ငံသားကတ်ပြားအသစ် လျှောက်ထားသူများပါ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ပြည်လုံးကျွတ်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ကောက်ယူမည်ဖြစ်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကော်မတီအဆင့်ဆင့်က အောင်မြင်စွာ ကောက်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအောင်မြင်ရေးအတွက်  ဆက်လက် ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင် ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။  

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်မြို့၊ သာသနာ့ဗိမာန်၌ ထားဝယ် မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ထုတ်ပေးခြင်း၊ e-ID စနစ်အတွက် Biographic / Biometric ကောက်ယူခြင်းလုပ်ငန်းတို့ကို One Stop Service ဖြင့် ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များမှာကြားညှိနှိုင်း ဆောင်ရွက်ပေးသည်။
 
အဆိုပါအခမ်းအနားတွင် ထားဝယ်မြို့နယ်ရှိ ဒေသခံပြည်သူများအနက် နိုင်ငံသားကတ်ပြား မရှိသေးသူများကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် ထုတ်ပေးပြီးနောက် နိုင်ငံသားကတ်ရှိပြီးသူများနှင့်အတူ Biographic နှင့် Biometric များ ကောက်ယူကာ e-ID စနစ်အတွက် ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို တစ်နေရာတည်းတွင် တစ်ပါတည်း ဆောင်ရွက်ပေးခြင်းဖြစ်ရာ နိုင်ငံသားကတ်မရှိသေးသူ (၁၇)ဦး အား နိုင်ငံသားကတ်ထုတ်ပေးခဲ့ပြီး နိုင်ငံသားကတ်ရှိပြီးသူ (၄၅)ဦးနှင့်အတူ စုစုပေါင်း(၆၂)ဦးအား  e-ID စနစ်ဆောင်ရွက်ပေးပြီး Unique ID နံပါတ်များ ထုတ်ပေးနိုင်ခဲ့သည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရိပ်သာ၌ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်အတူနေ့လည်စာကို လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများ နှင့်စားသောက်ဖွယ်ရာ များပေးအပ်သည်။ 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရိပ်သာ၌ပင် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်