နေပြည်တော် ဇန်နဝါရီ  ၂၆

အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ State Academy သို့ သွားရောက်၍ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံတွင် ခင်းကျင်းပြသထားသည့် သုတေသ နစာတမ်းများကို ကြည့်ရှုအားပေးရာ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဌာနမှူးများက သက်ဆိုင်ရာ သုတေသနစာတမ်းများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် MSME များ ဖွံ့ဖြိုးတိုး တက်ရေးအတွက် နည်းပညာ၊ အရင်းအနှီး၊ ကျွမ်းကျင်လုပ်သား ရရှိရေးတို့အတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တက္ကသိုလ်အ သီးသီးမှ ပြုလုပ်ထားရှိသည့် အောင်မြင်သောသုတေသနလုပ်ငန်းများကို ပြည်တွင်း MSME လုပ်ငန်းများသို့ နည်းပညာများ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေး လုပ်ငန်းများအတွက် အထောက်အကူပြုမည့် သုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက် ပေးစေလိုကြောင်း၊ ထို့အပြင် စက်မှုလုပ်ငန်းများ အတွက်လည်း သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များအနေဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များကို  ထောက်ပံ့ကူညီအားဖြည့်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်တွင်း စားသုံးမှုဖူလုံရန်နှင့် ပြည်ပတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် MSME များမှ ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများ အောင်မြင်စေရေးအတွက် လက်တွေ့နယ်ပယ်တွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် စက်ရုံ၊ အလုပ်ရုံများနှင့် ချိတ်ဆက်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် များသည် အဓိကကျကြောင်း၊ ထုတ်ကုန်အမယ်သစ်များ ထုတ်လုပ်နိုင်ရေးအတွက် သုတေ သနလုပ်ငန်းများသည် မဖြစ်မနေဆောင်ရွက်ကြရကြောင်း၊ အောင်မြင်သော သုတေသန လုပ်ငန်းများဖြစ်ပါက ထုတ်ကုန်အမယ်သစ်များကိုလည်း ထုတ်လုပ်နိုင်သည့်အပြင် နည်းပညာအသစ်များကိုလည်း ရရှိစေသည့်အတွက် သုတေသနလုပ်ငန်းများကို ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြစေလိုကြောင်း၊ အရင်းအမြစ်များသည် အကန့်အသတ် ရှိသော်လည်း တီထွင်ဖန်တီးမှုများသည် အကန့်အသတ်မရှိဟူသော ဆိုရိုးအတိုင်း တီထွင် ဖန်တီးမှု များစွာဆက်လက်ပြုလုပ်သွားကြရန် အကြံပြုတိုက်တွန်း၍ ပြောကြားသည်။

သတင်းစဉ်