မကွေး  ဇန်နဝါရီ  ၂၇

 

ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ မကွေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှု လက်မှုသိပ္ပံ(မကွေး)တို့ပူးပေါင်း၍  လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ  ၂၆ ရက်က အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး) အစည်းအဝေးခန်းမ၌  ကျင်းပသည်။

 

အခမ်းအနားတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးနွဲ့စံက အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး  ဦးအောင်ဇော်မျိုးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မကွေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးကျော်မင်းဦးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက် ခဲ့ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)မှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့် နည်းပညာ၊  လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကျင့်ဝတ် စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ပြီး အခမ်းအနားသို့ အစိုးရစက်မှုလက်မှုသိပ္ပံ  (မကွေး)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူ  စုစုပေါင်း(၂၀၀) ဦးခန့်  တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)