မြစ်သား ဇန်နဝါရီ ၂၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြစ်သားမြို့နယ် မဲဆန္ဒရှင်ပြည်သူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေဆုံ၍ မြန်မာ အီလက်ထရောနစ်မဲပေးစက်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်က အဖွင့် အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သန်း၊ ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်ဟိန်းတို့က မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုပြီး စမ်းသပ်မဲပေးခြင်း နှင့်စပ်လျဉ်း၍ အားသာချက်များ၊ မဲပေးချက်ဖော်ပြသည့်စက်၊ ဆန္ဒပြုစက်၊ ထိန်းချုပ်စက်အစိတ်အပိုင်း များ၏ လုပ်ဆောင်ချက်များ၊ မဲပေးစက်အသုံးပြု၍ မဲပေးခြင်းပုံစံများ၊ မဲရုံအတွင်း မဲပေးစက် နေရာချထားခြင်းများ၊ မဲပေးစက်မှ မဲရလဒ်များထုတ်ယူရာတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ် လုံခြုံစိတ်ချ ရမှုများအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများနှင့် မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် ထိန်းချုပ်စက်မှထွက်ရှိသည့် မဲရလဒ်များကို တိုက်ဆိုင်စစ်ဆေးခြင်း စသည့်လုပ်ငန်းစဉ်များအား ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


