(၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို (၂၆-၁၂-၂ဝ၂၃) ရက်နေ့မှ (၂၇-၁-၂၀၂၄) ရက်နေ့အထိ (၃၃) ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပဆောင်ရွက် ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။

(၇၆) ကြိမ်မြောက် တိပိဋဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် အရှင်ပညာ သိရီလင်္ကာရ၊ သက်တော် ၅၉ နှစ်၊ သိက္ခာတော် ၃၉ ဝါ၊ တိပိဋကနိကာယကျောင်းတိုက်၊ ဒဂုံ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ တိပိဋကဓရ တိပိဋကကောဝိဒ (၁၆) ပါး မြောက် သာသနာ့ အာဇာနည် ဆရာတော်အဖြစ် ပေါ်ထွန်းတော်မူခဲ့ပါသည်။ 

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၃၁၀ ပြည့်နှစ်(၁၉၄၈ ခုနှစ်)တွင် စတင်ကျင်းပခဲ့ရာ ယခုအချိန်ထိ (၇၆) ကြိမ်မြောက် ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ပထမအကြိမ်မှ (၇၅)ကြိမ်အထိ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် (၁၅) ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်ပါသည်။ (၇၂)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် (၁၅) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ပေါ်ထွန်းခဲ့ပြီးနောက် (၄) နှစ်အကြာ ယခုနှစ် ၁၃၈၅ ခုနှစ် (၂၀၂၄)ခုနှစ် (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် (၁၆)ပါးမြောက်အဖြစ် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်(၁)ပါး ထပ်မံပေါ်ထွန်းလာခဲ့ခြင်းဖြစ်ပါသည်။

(၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို (၂၆-၁၂-၂ဝ၂၃) ရက်နေ့မှ (၂၇-၁-၂၀၂၄) ရက်နေ့အထိ (၃၃) ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ရာ အဆိုပါ စာမေးပွဲကြီးတွင် သင်ရိုးပိဋကအဖြစ် ပြဋ္ဌာန်းသော ပါဠိတော်ကျမ်းစာများအဖြစ် ဝိနယပိဋက (ခုဒ္ဒကနိကာယ်)တွင် ဝိနည်း ၅ ကျမ်း စာမျက်နှာ ၂၂၆၀၊ သုတ္တန္တပိဋက(ဒီဃနိကာယ်)တွင် သုတ် ၃ ကျမ်း စာမျက်နှာ ၇၇၉၊ အဘိဓမ္မပိဋက (ခုဒ္ဒကနိကာယ်)တွင် အဘိဓမ္မာ ၇ ကျမ်း စာမျက်နှာ ၄၉၄၁ စုစုပေါင်း ပါဠိတော်စာမျက်နှာ ၇၉၈၀ တို့ကို “တိပိဋကဓရ” ဘွဲ့အတွက် အာဂုံပြန်ဆိုရပြီး “တိပိဋကကောဝိဒ” ဘွဲ့အတွက် ပြဋ္ဌာန်းသော ပါဠိတော်ကျမ်းစာများအပြင် အဖွင့်ကျမ်းများဖြစ်သော အဋ္ဌကထာ၊ ဋီကာကျမ်း တို့ကိုပါ ဆက်စပ်လေ့လာ၍ ဖြေဆိုရကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်