မြင့်မြတ်
ယနေ့ကမ္ဘာကြီးမှာ ပထဝီနိုင်ငံရေး၊ စီးပွါးရေးအရ အချက်အချာကျတဲ့နိုင်ငံ၊ အချင်းချင်းညီညွတ်မှုအားနည်းတဲ့နိုင်ငံ၊ အားနည်းချက်တွေရှိတဲ့ နိုင်ငံတွေဟာ အင်အားကြီးနိုင်ငံမျိုးစုံရဲ့ ဖိအားအမျိုးမျိုးနဲ့ ထိုးဖေါက်မွှေနှောက်တိုက်ခိုက်ခံရတတ်တဲ့ အစဉ်အလာဆိုးကြီးဟာ မဆန်းတော့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ အမျိုးမျိုးဖိနှိပ်ကြတဲ့အပြင် စိတ်ဓါတ်ပိုင်းဆိုင်ရာအရပါ အင်အားချိနဲ့အောင် မီဒီယာအားနဲ့ ဝါဒအမျိုးမျိုးဖြန့် နှောက်ယှက်လေ့ရှိကြပါတယ်။ တောင်အာရှနဲ့အရှေ့တောင်အာရှရဲ့ ဗဟိုချက်မတစ်ခုဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ ပထဝီနိုင်ငံရေးအရအားသာချက်ကို ရိုက်ချိုးဖို့ အင်အားကြီးနိုင်ငံတွေအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့က ကြိုးပမ်းအားထုတ်နေကြမှုကို မြင်အောင်ကြိုးစားရာမှာ သတင်းမီဒီယာအားနဲ့ ဝိုင်းဝန်းဖိနှိပ်မှုတစ်ချို့ကို ကျွန်တော်တို့မြန်မာပြည်သူတွေ မျက်ခြေမပြတ် သိရှိထားဖို့လိုပါတယ်။
TNN ဆိုတာ
ယခုလည်း ထိုင်းသတင်းမီဒီယာတစ်ခုက ဖိအားပေးနှောက်ယှက်ခဲ့ပြန်ပါပြီ။ TNN Online channel က လွှင့်ထုတ်ချက်တစ်ခုအရဖြစ်ပါတယ်။ စစ်ရိပ်စစ်ငွေ့တွေကြားမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ညီညွတ်မှုရအောင်၊ အိမ်နီးချင်းနိုင်ငံများနဲ့ မိတ်ဆွေကောင်းဖြစ်မှုကို မနည်းကြိုးစားရှာဖွေတည်ဆောက်နေရတဲ့ အခြေအနေမျိုးမှာ ယခုလို ထိုင်းမီဒီယာရဲ့ထုတ်လွှင့်ချက်ဟာ မြန်မာနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံတွေအကြား မိတ်ဆွေဖြစ်မှုအနေအထား လျော့ကျသွားအောင်၊ ချစ်ကြည်ရင်းနှီးမှုပျက်ပြားအောင်၊ ရန်ဘက်အသွင်ဆောင်လာအောင်၊ မြန်မာနိုင်ငံတွင်းမှာ ပဋိပက္ခတွေ ပိုပြင်းထန်လာပြီး ပျက်စီးခြင်းဆိုက်အောင် မီးလောင်ရာလေပင့် လုပ်ဆောင်မှုတစ်ရပ်လို့သာ ထင်မြင်မိပါတယ်။ TNNကို နောက်ကြောင်းလိုက်ကြည့်ရင် ၎င်း Thai News Network ဟာ ပေါ်ပြူလာအွန်လိုင်းသတင်းချယ်နယ်တစ်ခုဆိုတာ မှန်ပါတယ်။ တစ်လအတွင်း တစ်ကမ္ဘာလုံးက ကြည့်ရှူသူပေါင်း ၅၅ သန်းအထိရှိခဲ့တဲ့ ချယ်နယ်တစ်ခုဖြစ်ပါတယ်။
ကြည့်ရှူသူတွေထံ အမေရိကန်နဲ့အနောက်ဘက်ယိမ်း နိုင်ငံရေး ၊ စီးပွားရေး ၊ ဖြေဖျော်မှုသတင်းမျိုးစုံကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အချိန်နဲ့တစ်ပြေးညီ အရောက်ပို့ပေးနိုင်တယ်လို့ ဆိုပါတယ်။ သူတို့ဆီက သူတို့ဖော်ပြချက်သက်သက်အနေနဲ့တော့ သတင်းတွေဟာ တိကျတယ်၊ ဘက်မလိုက်ဘူး၊ မြန်ဆန်တယ်ပေါ့။
ဒါပေမဲ့လည်း သတင်းမီဒီယာတွေရဲ့ထုံးစံ၊ အများရဲ့ဝေဖန်ရှုတ်ချမှုတွေလက်ကတော့ မလွတ်ပါဘူး။TNN နဲ့ပတ်သက်ပြီး ယခုနောက်ပိုင်းမှာ ဝေဖန်မှု၊ အငြင်းပွါးမှုတွေ တိုးသည်ထက်တိုးလာနေတာ မှတ်သားရပါတယ်။ အနောက်ယိမ်းသတင်းဌာနဆိုတော့ သတင်းမှားဖြန့်ဝေမှု၊ ဘက်လိုက်ပြီးသတင်းတင်ပြမှုတွေနဲ့ ပတ်သက်ပြီး သက်သေစွပ်စွဲချက်တွေနဲ့အတူ ဝေဖန်ခံနေရခြင်းဖြစ်ပါတယ်။ သတင်းတင်ပြမှုမှာ ကျင့်ဝတ်သိက္ခာမရှိ၊ သမာသမတ်မကျ၊ ယုံကြည်အားထားရမှုမရှိတဲ့ အချက်အလက်များနဲ့ပတ်သက်ပြီး ဝေဖန်ခံရခြင်းဖြစ်ပါတယ်။
ချစ်ကြည်ရင်းနှီးမှုပျက်ပြားအောင် ဆောင်ရွက်ခဲ့လေသလား
ဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီး လောလောဆယ်မြန်မာနိုင်ငံအပေါ် ဘက်လိုက်ဖော်ပြခဲ့မှုနဲ့ထင်ဟပ်ပြီး ကျင့်ဝတ်သိက္ခာပိုင်းမှာ ၎င်းသတင်းဌာနရဲ့ အားနည်းချက်များကို ချိန်ထိုးကြည့်ရပါမယ်။ ချယ်နယ်ရဲ့ဖေါ်ပြချက်အရ မြန်မာနိုင်ငံအရှေ့မြောက်ဒေသမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး မြောက်ပိုင်းစစ်သွေးကြွသုံးဖွဲ့ပေါင်းပြီး နယ်မြေလုစစ်ပွဲတွေဖော်ဆောင်နေတယ်ဆိုတဲ့အချက်က မှန်ပါတယ်။ စစ်ပွဲဟာ အရှေ့မြောက်ဒေသကနေ ရခိုင်မြောက်ပိုင်း၊ ရှမ်းတောင်၊ ကယားအစပ်၊ နောက်ပိုင်းကရင်ပြည်နယ်အထိ စစ်မီးပွားအောင် လှုံ့ဆော်မှုတွေရှိနေပါတယ်။ အချို့နေရာတွေမှာ တိုက်ပွဲတွေပြင်းထန်ပြီး နှစ်ဘက်အကျအဆုံးတွေရှိနေပါတယ်။ တိုက်ပွဲတွေကြောင့် တပ်မတော်ကအရာရှိနဲ့ စစ်သည်တွေ အိန္ဒိယနိုင်ငံဘက်ရောက်ရှိသွားခြင်းမျိုးရှိခဲ့ပေမဲ့ နှစ်နိုင်ငံတာဝန်ရှိသူများညှိနှိုင်းပြီး ရောက်ရှိသွားသူတွေကို မြန်မာနိုင်ငံဘက်က အချိန်မဆိုင်း လေကြောင်းနဲ့ပြန်လည်ခေါ်ယူပေးလျှက်ရှိပါတယ်။ ဒီပဋိပက္ခမှာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ရတယ်၊ သူတို့အခေါ် ရိုဟင်ဂျာခေါ်တဲ့ ဘင်္ဂလီတွေနဲ့လည်း ဘာမှသက်ဆိုင်ခြင်းမရှိပါဘူး။ မြန်မာလူမျိုးထဲမှာပါဝင်ခြင်းမရှိတဲ့ ဘင်္ဂါလီတွေ ဟိုဘက်ဒီဘက်ရောက်ခြင်း၊ မရောက်ခြင်းဟာ မြန်မာနိုင်ငံနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ TNN အနေနဲ့ ဘင်္ဂါလီသမိုင်းအပါအဝင် မြန်မာနိုင်ငံအနောက်တံခါး အရေးကိစ္စများနဲ့ပတ်သက်ပြီး သတင်းအချက်အလက် ခိုင်ခိုင်မာမာ ရယူသင့်တယ်လို့သာ ယူဆပါတယ်။ မမှန်တဲ့အချက်အလက်များကြောင့် နာမည်ကြီးသတင်းဌာနတစ်ခုအနေနဲ့ အလွန့်အလွန် အရှက်ရမှုဖြစ်စေတယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်။
ဒီနေရာမှာ TNN အနေနဲ့မသိမသာ ရန်တိုက်ပေးမှုတစ်ခုကို ပြုခဲ့တယ်လို့ယူဆနိုင်ပါတယ်။ နိုင်ငံနယ်စပ်များမှာ တိုက်ပွဲဖြစ်ပွါးမှုတိုင်းမှာ တစ်နိုင်ငံရဲ့ဖြစ်စဉ်ဟာ အိမ်နီးချင်းနိုင်ငံ နယ်စပ်ဒေသအချို့ပေါ်မှာ သက်ရောက်မှုရှိစမြဲပါပဲ။ ဖြစ်ပေါ်မှုတိုင်းမှာလည်း အိမ်နီးချင်းကောင်းပီသစွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လေ့ရှိကြပါတယ်။ မြန်မာနဲ့အိန္ဒိယနိုင်ငံများဟာ အိမ်နီးချင်းကောင်းပီသပြီး ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံများဖြစ်ကြပါတယ်။ နှစ်နိုင်ငံနယ်စပ်ပြဿနာများဖြစ်ပေါ်တိုင်း ပြည်တွင်းရေးပြဿနာလိုသဘောထား ဝင်ရောက်စွက်ဖက်လေ့မရှိ နားလည်မှုရှိရှိ အပြန်အလှန် ကူညီလေ့ရှိကြတဲ့နိုင်ငံများဖြစ်ပါတယ်။ ယခုလည်း မြန်မာဘက်ကဖြစ်စဉ်မှာ တစ်ဘက်နယ်ခြားကို ရောက်ရှိသွားတဲ့အရာရှိ၊ စစ်သည်တွေကို မလာရ၊ မဝင်ရ ပိတ်ပင်ခြင်းမရှိဘဲ ကောင်းစွာစောင့်ရှောက်ထားတဲ့အထိ တာဝန်သိတဲ့ မိတ်ဆွေကောင်းဖြစ်ပါတယ်။
ဟိုဘက်ဒီဘက်နှစ်နိုင်ငံကြား ပြဿနာဖြစ်လာရင် ပြဿနာမိမိထံမကူးအောင် ကြိုတင်တားဆီးတဲ့အနေနဲ့ နယ်ခြားမှာ လိုအပ်တဲ့အတားအဆီးများ ဆောင်ရွက်ခြင်းဟာလည်း သဘာဝကျပြီး သူ့နိုင်ငံ၊ သူ့အရေးကိစ္စဖြစ်တဲ့အတွက် ဒေသတွင်းမှာ ဘာပြဿနာမှမရှိပါဘူး။ ဒီလိုအခြေအနေမှာ ယခုလို အိန္ဒိယနိုင်ငံနယ်စပ်ကိစ္စကို အထူးပြုမီးမောင်းထိုးပြခြင်းဟာ မြန်မာနဲ့အိန္ဒိယအကြား နဂိုမူလချစ်ကြည်ရင်းနှီးမှုကို ဖျက်ဆီးရန်နဲ့ နှစ်နိုင်ငံကြား ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခြင်းလို့ မှတ်ယူပါတယ်။ ပေါ်ပြူလာဖြစ်ပါတယ်ဆိုတဲ့ သတင်းဌာနတစ်ခုအနေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေမှာ အခြေခံပြီးထုတ်လွှင့်တဲ့ ကျင့်ဝတ်နဲ့မလျော်တဲ့ လုပ်ရပ်အဖြစ် ဝေဖန်ရမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတို့ဟာလည်း အိမ်နီးချင်းနိုင်ငံများပီပီ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိ ယနေ့ကာလ ပူးပေါင်းဆောင်ရွက်မှုများမှာ အပြုသဘောမှတ်ချက်များစွာနဲ့ အားရဖွယ်တိုးတက်မှုများ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် TNN ထိုင်းနိုင်ငံသတင်းဌာနတစ်ခုက ယခုလိုတင်ပြချက်များဟာ ရိုးသားမှုရှိရဲ့လား၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တုံ့ဆိုင်းသွားအောင် မသိမသာဆောင်ရွက်ချက်တစ်ခုလေလား ယူဆနိုင်ဖွယ်ရာရှိလာပါတယ်။ ထိုင်းနဲ့မြန်မာခေါင်းဆောင်များဟာ နှစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးကို အပြန်အလှန်လိုလားကြသူများဖြစ်ပါတယ်။ ထိုင်းအစိုးရက မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်များမှာ ပါဝင်ကူညီလေ့ရှိသလို မြန်မာနိုင်ငံဘက်ကလည်း ထိုင်းနိုင်ငံရဲ့နိုင်ငံရေးအာဏာလွန်ဆွဲပွဲတွေမှာ ဘယ်တုန်းကမှ ဝင်ရောက်စွက်ဖက်ခြင်းမျိုးမရှိခဲ့ပါဘူး။ ဒီအချက်ကို TNN အနေနဲ့ ဂုဏ်သိက္ခာရှိရှိ ၊ ဘက်လိုက်မှုကင်းကင်း ဖော်ပြသင့်ပါတယ်။ သတင်းဌာနတစ်ခုအနေနဲ့ သိရှိလိုက်နာပြီးဖြစ်ရမယ့် အခြေခံအချက်များလည်းဖြစ်ပါတယ်။
နှစ်ဘက်တရားမျှတမှုရှိရှိဖော်ပြသင့်
TNN အနေနဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုရဲ့ ဟိုးအဝေးတစ်ဖက်က ကိစ္စတွေထက် ကိုယ့်နိုင်ငံတွင်းနဲ့နီးစပ်ရာကို ပိုပြီးအာရုံစိုက်သင့်တယ် မဟုတ်ပါလား..။ ရေးမယ်ဆို ဘက်လိုက်မှုကင်းကင်းနဲ့ဖေါ်ပြရေးသားစရာများစွာရှိပါတယ်။ TNN အပါအဝင် မြန်မာ့အရေးကို အရေးတကြီးဖော်ချင်နေတဲ့ သတင်းမီဒီယာတွေကို ကျွန်တော်တို့ဘက်က တောင်းဆိုချင်တာတွေရှိပါတယ်။ သူတို့ဆီမှာ မြန်မာအရေးနဲ့ပတ်သက်ပြီးလည်း ရေးသားတင်ပြသင့်တာတွေ များစွာရှိနေကြမှာပါ။ သို့ပေမဲ့ လတ်တလောနဲ့အပေါ်ယံဘဲကြည့်ပြီးတင်တဲ့ သတင်းမျိုးတော့မဖြစ်ပါစေနဲ့လို့ တောင်းဆိုပါရစေ၊ မူလအကြောင်းရင်းခံကို မှန်မှန်ကန်ကန်ရှာဖွေတတ်တဲ့ သတင်းသမားမျိုးနဲ့ တင်ပြချက်မျိုးတွေသာဖြစ်သင့်ပါတယ်။ ယနေ့မြန်မာနိုင်ငံမှာ ဖြစ်နေပျက်နေတာတွေဟာ ကျားဖြန့်ကိစ္စအကြောင်းပြပြီး နယ်မြေလုစစ်နယ်ရှင်တွေရဲ့ တိုက်ပွဲတွေပဲဖြစ်နေပါတယ်၊ အာဏာဟာသေနတ်ပြောင်းဝကထွက်တယ်ဆိုတဲ့ သူတစ်လူငါတစ်မင်း စစ်ဘုရင်မူးယစ်ရာဇာတွေရဲ့ စားကျက်လုပွဲတွေ၊ ငါနဲ့မတူငါ့ရန်သူ၊ လူသတ်၊ မုဒိန်းကျင့် ၊ သတ်ဖြတ် ၊ မီးရှို့ ၊ ခိုးဆိုးလုယက်ဖြစ်စဉ်တွေကို လက်တွေ့မြင်အောင်ကြည့်ပြီးမှ နှစ်ဘက်တရားမျှတမှုရှိရှိ ဖော်ပြစေချင်ပါတယ်။ မြန်မာနိုင်ငံအပေါ် အလုံးစုံပျက်စီးရေး ပြည်တွင်းပြည်ပညှပ်ပြီး လုပ်ဆောင်ချက်တွေကို မြင်အောင်ကြည့်ပြီး နားလည်မှုရှိရှိနဲ့ ပဋိပက္ခပိုမကြီးထွားအောင် စောင့်ထိန်းတင်ပြသင့်တယ်လို့ ယူဆပါတယ်။
ဘက်မလိုက်ခြင်းဆိုတဲ့အချက်ဟာလည်း သတင်းဌာနကောင်းတစ်ခုရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ အဖျက်ကိုအဖျက်မှန်း ၊ အပြုကိုအပြုမှန်းသိပြီး မှန်ရင်မှန်တယ် ၊ မှားရင်မှားတယ် တိတိကျကျဖော်နိုင်ခြင်းဟာ နားထောင်ကြည့်ရှူသူတွေရဲ့ ယုံကြည်မှုကို တိုးပွားစေပါတယ်။ ယခု TNN ရဲ့ဖေါ်ပြချက်မှာ အဖျက်သမားတွေရဲ့ အဖျက်လုပ်ရပ်များစွာကို ဖုန်းကွယ်ထားတဲ့အပြင် မြန်မာနိုင်ငံအစိုးရနဲ့ပြည်သူတွေရဲ့ အပြုသဘောတည်ဆောက်မှုတွေကိုလည်း ဘက်လိုက်ပြီး မျက်ကွယ်ပြုထားပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်ဒီမိုကရေစီအရေး ဆောင်ရွက်ချက်တွေဟာ အမြောက်အများရှိပြီးဖြစ်ပါတယ်။ သမာသမတ်ကျကျနဲ့ မြင်အောင်ကြည့်ဖို့ပဲလိုပါတယ်။
မိမိနဲ့မိမိပတ်ဝန်းကျင်ကိုလည်း မြင်အောင်ကြည့်တတ်ရန်လို
မိမိကိုယ်မိမိ အင်အားကြီးဆိုသူတွေဟာ ဩဇာတက္ကိမကြီးမားအောင် အရာရာကို ထိန်းချုပ်နေကြပါတယ်။ မိမိပါဝါတက်ဖို့ မီဒီယာအပါအဝင် စစ်ရေး ၊ စီးပွါးရေး ၊ နည်းပညာအားနဲ့ အခြားသူများအားနည်းပြိုလဲအောင် ပြုလုပ်နေကြတယ်။ TNN အနေနဲ့ မိမိရဲ့မီဒီယာပါဝါကို ဘက်တွေကြား မျှတအောင်အသုံးပြုသင့်ပါတယ်။ အင်အားကြီးတွေရဲ့ပါဝါအားပြိုင်ပွဲမှာ ဘက်မလိုက်မျှတစွာနေသင့်ပါတယ်။ သူများအပေါ် လက်ညိုးထိုးတာများရင် မိမိလည်းတန်ပြန်ဒဏ်ခံရတတ်ပါတယ်။ စိတ်ကြွဆေးမှောင်ခိုအရောင်းအဝယ်နဲ့ အဖျက်လုပ်ရပ်ချည်းလုပ်နေတဲ့ ဒေသတွင်းမူးယစ်ရာဇာတွေကြောင့် ထိုင်းလူငယ်တွေပျက်စီးမယ့်အရေးတွေးပြီး ပြည်သူတွေမြင်အောင်ချပြရပါမယ်။ မြန်မာ- ဘင်္ဂလားဒေ့ရှ်- အိန္ဒိယဘက်က မွတ်ဆလင်အရေးချည်းလဲမကြည့်ဘဲ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်း တောင်ပိုင်းမွတ်ဆလင်အရေးကိုလည်း အလေးအနက်ထားဖို့လိုပါမယ်။ ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီး မြန်မာဘက်က ဝင်ရောက်စွက်ဖက်ခြင်းများ လုံးဝမရှိခဲ့သလို သင်တို့နိုင်ငံမှာ မြန်မာနိုင်ငံနဲ့ပြည်သူတွေအပေါ် အဖျက်လုပ်ရပ်လုပ်နေသူတွေ အခြေပြုခိုအောင်းလှုပ်ရှားနေသူတွေနဲ့ပတ်သက်ပြီးလည်း သတိတရဖော်ပြပေးမယ်ဆိုရင် မြန်မာပြည်သူတွေအနေနဲ့ လွန်စွာကျေးဇူးတင်မိမှာဖြစ်ပါတယ်။ ယနေ့ကာလ ကမ္ဘာကြီးဟာ အလွန်ပဲအကဲဆတ်တယ်ဆိုတာသတိပြုပြီး TNN အနေနဲ့ မြင်အောင်ကြည့်ရမှာပါ။ အိမ်နီးချင်းနိုင်ငံတစ်ခုမှာ မတည်ငြိမ်မအေးချမ်းမှုကနေ နီးစပ်ရာနိုင်ငံတွေဆီ အလွယ်တကူပျံ့နှံ့သွားတတ်ပြီး ဒေသတွင်းပဋိပက္ခကြီးအထိ ရောက်ရှိသွားနိုင်တဲ့ အခြေအနေများကို တွက်ဆပြီး နောက်ဆက်တွဲအရှုပ်အထွေးတွေဖြစ်မလာအောင် မီဒီယာအားနဲ့ ထိန်းညှိဖော်သင့်တယ်လို့ ထင်မြင်မိပါတယ်။
ထိုင်း TNN online today အနေနဲ့ ယနေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာ အိမ်နီးချင်း မြန်မာနိုင်ငံကွက်ကွက်လေးအနေနဲ့ပဲ စဉ်းစားနေလို့မရသလို စိတ်ခံစားမှုသက်သက်မီဒီယာတစ်ခု အဖြစ်လည်း မခံယူသင့်ပါဘူး။ မဖြစ်နိုင်တာတွေ စဉ်းစားတာများရင် ဖြစ်နိုင်တာတွေပျောက်ပြယ်သွားတတ်ပြီး သတင်းအဆိပ်ခပ်တာများသွားရင် အနိဋ္ဌာရုံတွေသာ များပြားလာနိုင်ကြောင်းကို TNN အနေနဲ့ သိထားဖို့လိုပါမယ်။ သတင်းထောက်တွေ၊ အစီအစဉ်တင်ဆက်သူတွေအနေနဲ့ domino ဒိုမီနိုသက်ရောက်မှုသဘောတရားလောက်တော့ ပထဝီနိုင်ငံရေးကျမ်းကြေပြီး ဖြစ်သင့်ပါတယ်။ နိုင်ငံတကာမှာ ဩဇာပြိုင်သူများအကြား စစ်ရိပ်စစ်ငွေ့နဲ့တင်းမာပြင်းထန်နေတဲ့အချိန် အနေအထိုင်မတတ်ရင် ကိုယ်နေတဲ့နိုင်ငံပါ ကြားညှပ်သွားနိုင်တယ်ဆိုတာ ဒေသတွင်းဘဝတူအချင်းချင်း အမြင်ကျယ်ကျယ် မြင်တတ်ကြည့်တတ်ရပါမယ်။ အိမ်နီးချင်းမြန်မာနိုင်ငံအပေါ် မသိမသာကနေ ပေါ်ပေါ်ထင်ထင် နှောက်ယှက်ဖျက်ဆီးလာနေတဲ့အရေးမှာ TNN အနေနဲ့ အနောက်ဩဇာခံ အသုံးချခံမီဒီယာမဖြစ်စေလိုပါဘူး။ မိမိကြောင့် အနှုတ်သဘောဆောင်တဲ့ ကမ္ဘာ့အခင်းအကျင်းမျိုးအထိ ဖြစ်မသွားအောင် သမာသမတ်ကျသင့်ပါတယ်။
နောက်ဆုံးပြောချင်တဲ့အချက်တစ်ခုက.. ဒီမိုကရေစီနိုင်ငံတစ်ခုက သတင်းဌာနတစ်ခုအနေနဲ့ ဒီမိုကရေစီရဲ့တန်ဖိုးကို ကိုယ့်ကြောင့်ပျက်စီးသွားခြင်းမျိုးမဖြစ်အောင် ဂရုပြုဖို့လိုတယ်ဆိုတဲ့အချက်ပါပဲ။ သင်တို့ကြိုက်ပါတယ်ဆိုတဲ့ ဒီမိုကရေစီရဲ့အန္တရယ်ရန်ကို မီဒီယာအားနဲ့ အကောင်းဆုံးကာကွယ်နိုင်ပါစေဟူ၍သာ မှတ်ချက်ပြုလိုက်ပါ့မယ်။