ရန်ကုန်၊ ဇန်နဝါရီ ၂၈

ဗုဒ္ဓမြတ်စွာသာသနာတော်၏ အရင်းမူလ ရေသောက်မြစ်ဖြစ်သော ပရိယတ္တိ သာသနာတော် စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော်သံဃာတော်များ စဉ်ဆက်မပြတ် ပေါ်ပေါက်စေရန် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ကျင်းပခြင်းနှင့် စာအောင်ဆုနှင်းသဘင် ကျင်းပပူဇော်ခြင်း အခမ်းအနားကို ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သည့် (၁၀၅) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြသည့် သာသနာ့ အာဇာနည် သံဃာတော် (၁၂) ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် ဆက်ကပ် လှူဒါန်းပူဇော်သည့် စာအောင်ဆုနှင်းသဘင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စေတီတော်ရင်ပြင် မြောက်ဘက်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။

ဦးစွာ နံနက် (၇)နာရီတွင် စာအောင်သံဃာတော်များနှင့် ဆွေတော်မျိုးတော်များ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၀င်များ၊ ဗုဒ္ဓဝေယျာ၀စ္စ အသင်းအဖွဲ့များနှင့် ၀န်ထမ်းများ က ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရင်ပြင်တော်တစ်ပတ် လှည့်လည်ပူဇော်ကြသည်။

ဆက်လက်၍ (၁၀၅) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟစာအောင် ဆုနှင်းသဘင် အခမ်းအနားကို နံနက် (၈) နာရီတွင် ချမ်းသာကြီး တန်ဆောင်း၌ကျင်းပရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စေတိယင်္ဂဏ နာယကဆရာတော်များ၊ ပင့်သံဃာတော်များ၊ စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ ဂေါပကအဖွဲ့၀င်များ၊ အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များ တက်ရောက် ကြည်ညိုပူဇော်ကြသည်။

ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တတိ လော ကာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းက သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးထွန်းက စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပရခြင်းနှင့် သာသနာရေးဆိုင်ရာများကို သြဝါဒါစရိယ ဆရာတော်ကြီများထံ တင်ပြလျှောက်ထားသည်။

ယင်းနောက် တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယ၀န်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၀င်တို့က (၁၀၅) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲတွင် အောင်မြင်တော်မူခဲ့သည့် သီခြားစာချတန်းအောင် သံဃာတော် (၄) ပါးနှင့် သီခြားစာသင်တန်းအောင် သံဃာတော် (၈) ပါးတို့အား ဘွဲ့တံဆိပ်အောင်လက်မှတ်နှင့် လှူဖွယ်၀တ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယက ဆရာတော်များ၊ ပင့်သံဃာတော်များနှင့် စာအောင် သံဃာတော်များအား န၀ကမ္မ၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယ၊ တိပိဋကသြဝါဒါစရိယ၊ နိုင်ငံတော်ဗဟို သံဃာ့၀န်ဆောင်၊ စေတိယင်္ဂဏ နာယက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ စေတိယင်္ဂဏပ၀ရသိရီမဟာဓမ္မဂုရု၊ သ•စ•အ ဓမ္မာစရိယ၊ ၀ဋံသကာပါဠိပါရဂူ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်) ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်ချ အမျှပေးဝေကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

ယင်းနောက် သြဝါဒါစရိယဆရာတော်များ၊ စေတိယင်္ဂဏ နာယကဆရာတော်များ၊ ပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များအား တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ဒုတိယ၀န်ကြီး၊ တိုင်းဒေသကြီး ၀န်ကြီးများနှင့် ဂေါပကအဖွဲ့၀င်များက ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်