မန္တလေး၊ ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာသည့် အသိပညာပေး အစီအစဉ်ကို ဇန်နဝါရီ ၁၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မိတ္ထီလာမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ( ၇၂ ) ခုမှ ပြည်သူ ( ၃၁၀ ) ၊ သာစည်မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ( ၅၀ ) ခုမှ ပြည်သူ ( ၂၅၀ ) စုစုပေါင်း (၅၆၀) တက်ရောက်ပြီး လက်တွေ့စမ်းသပ် မဲပေးလေ့လာကြသည်။

တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို ရှင်းလင်းပြသကြပြီး တက်ရောက် လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ် မဲပေးကြသည်။ စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များ ပေးခဲ့ကြသည်။ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီးနယ်မြေရှိ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

mdn