ပြုံယမ်း၊ ဇန်နဝါရီ ၂၉

 

မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်းရေပြင်မှ ခရုဇ်ဒုံးကျည် အများအပြားကို ယမန်နေ့ကစမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးတပ်ဖွဲ့က ပြောကြားသည်။ မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ဆင်ဖိုပင်လယ်ဆိပ်ကမ်းမြို့ရှိ  ကမ်းလွန်ရေပြင်မှ ဇန်နဝါရီ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီဝန်းကျင်တွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း  တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောကြားသည်။

ပြုံယမ်းသည်  မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် အမျိုးအစားသစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး  တစ်ရက် အကြာတွင် အဆိုပါခရုဇ်ဒုံးကျည်များကို  ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားသည်  ယမန်နှစ်မှ စပြီး ခရုဇ်ဒုံးကျည်များကို အကြိမ်ကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့သည်။ ၎င်းတို့သည် နည်းဗျူဟာမြောက် နျူကလီးယားထိပ်ဖူးကို သယ်ဆောင်ရန် ဒီဇိုင်းထုတ်ထားကာ  ကောင်းကင်ယံ၌ အချိန်ကြာမြင့်စွာပျံသန်းပြီး ပစ်မှတ်ကို ရှာဖွေနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် မတ်လတွင် မြောက်ကိုရီးယားက ရေငုပ်သင်္ဘောမှ ခရုဇ် ဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။ တာလတ်နှင့် တာဝေးပစ် ခရုဇ်ဒုံးကျည်များကို ပိုမိုတီထွင်ထုတ်လုပ်သွားမည် ဖြစ်ကြောင်း၂၀၂၁ ခုနှစ်တွင် ထုတ်ပြန် ကြေညာခဲ့သည့် ပြုံယမ်း၏ ငါးနှစ်တာ ကာကွယ်ရေးအစီအစဉ်အရ သိရသည်။

အဆိုပါ လက်နက်များကို ကိုရီးယားကျွန်းဆွယ်၌ အရေးပေါ်အခြေအနေတွင် အသုံးပြုရန် ရည်ရွယ်ထားပြီး ဖြစ်နိုင်ခြေ ရှိသော ပစ်မှတ်များမှာ တောင်ကိုရီးယား နှင့် အမေရိကန် စစ်အခြေစိုက်စခန်းများဖြစ်ပြီး ဂျပန်နိုင်ငံ၌ တည်ရှိသည့် အမေရိကန် အဆောက်အအုံများ အပါအဝင်ဖြစ်သည်။

 ယခုနှစ်အတွင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှု ကို ပြုံယမ်းအနေဖြင့် ရှုတ်ချကြောင်း မြောက်ကိုရီးယား အစိုးရပိုင်ကိုရီးယား ဗဟိုအေဂျင်စီက ဆိုသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်