နေပြည်တော် ဇန်နဝါရီ ၂၉
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးနှင့် (နေပြည်တော် - ရန်ကုန်လမ်းပိုင်း) ရှိ ဖြူးတိုးလ်ဂိတ်မှ လမ်းအသုံးပြုခ ကောက်ခံနေသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဖြူး (Rest Camp) ယာဉ်ရပ်နားစခန်းအတွင်းရှိ EV Charging Station အသုံးပြု ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လမ်းအသုံးပြုခ ကောက်ခံရရှိငွေများ အပြည့်အဝရရှိရေး၊ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ CCTV နှင့် Computer စနစ်ဖြင့်သာ ဆောင်ရွက်ပြီး လက်လုပ်ပြေစာများ လုံးဝအသုံးမပြုစေရေး၊ ယာဉ်ရပ်နားစခန်းအတွင်း တရားမဝင်ဆိုင်ခန်းများ ရောင်းချခြင်း မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အလေးထားကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၄၅/၂) နှင့် (၄၅/၃) ကြားရှိ ကြတ်ချောင်းလက်တက် တံတားချဉ်းကပ်လမ်း ကျောက်စီခြင်း၊ မြေဖို့ခြင်း နှင့် Gabion Wall ဖြင့် မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် မိုင်တိုင်အမှတ် (၁၃/၀) မှ (၁၄/၀) အထိ (နေပြည်တော် - ရန်ကုန်လမ်းပိုင်း) ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းနှင့် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မိုးဦးတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျည်း၍ ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးများ ရရှိရေး အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သတ်မှတ်လမ်းဒီဇိုင်းများ အတိုင်းသာ ဆောင်ရွက်ရန်ဖြစ်ပြီး ယာဉ်များသွားလာရာတွင် အန္တရာယ်ကင်းရှင်းစေရေးအတွက် ဂရုပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေးအမြန် လမ်းမကြီးပေါ်ရှိ အမှတ်(၃)လမ်းဆုံ တိုးလ်ဂိတ်တွင် လမ်းအသုံးပြုခ ကောက်ခံဆောင်ရွက်နေမှုများကိုကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


