နေပြည်တော်၊ ဇန်နဝါရီ ၂၉
ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်း လွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ခွေးရူးပြန်ရောဂါသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသည် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ အရေးကြီးသော လုပ်ငန်းတာဝန်တစ်ခုပင် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ “သက္ကရာဇ် (၂၀၃၀) ပြည့်နှစ်မှာ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူလုံးဝမရှိစေရေး” ရည်မှန်းချက် ပြည့်မီစေရေး မြန်မာနိုင်ငံအနေဖြင့် ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက် ရာ၌ဝန်ကြီးဌာန တစ်ခုတည်း၊ အဖွဲ့အစည်းတစ်ခုတည်းအားဖြင့် ဆောင်ရွက်၍အောင်မြင်နိုင်မည် မဟုတ်ဘဲ နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထုကပါ တစ်ခုတည်းသော ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု (One Health Approach) ဖြင့် ဆောင်ရွက်သွားကြရေးအတွက် ရည်ရွယ်ပြီးဆွေးနွေးတိုင်ပင်နိုင်စေရေး အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာအောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမော်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ ဌာနမှူး ဒေါက်တာဝေဖြိုးအောင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်တို့က ခွေးရူးပြန်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း က ခွေးကိုက်မှု အဖြစ်များသော ဒေသများ၌ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို Campaign အသွင်ဖြင့် စနစ်တကျ ပေါင်းစပ်ဆောင်ရွက်ရန်၊ သက်ဆိုင်ရာကဏ္ဍစုံ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ၍ လက်တွေ့လုပ်ဆောင်နိုင်မည့် ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ဆောင်ရွက်မှု စီမံချက်များ ရေးဆွဲသွားရန်တို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက သက်ဆိုင်ရာအလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာန၊ ဌာနမှူးနှင့် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


