ဇလွန် ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အ.ထ.က ပျဉ်းမကုန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က ပျဉ်းမကုန်း ကျောင်းအုပ်ဆရာကြီး ဦးဇော်မျိုးထက်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် လူငယ်စကားဝိုင်းကို ကျင်းပရာ Grade-11 ကျောင်းသား၊ ကျောင်းသူများမှ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်တက်ကြွလှုပ်ရှားမှု ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲကို ဆက်လက်ပြုလုပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဒီလွင်က ကျောင်းသား၊ ကျောင်းသူများ အားကစားကို စိတ်ပါဝင်စားလာစေရန် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကို အသီးသီး အသိပညာပေး ဟောပြောခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါလူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲကို စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်ကြစေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ လူအများရှေ့တွင် မှန်ကန်သောစကားများအား ရဲဝင့်စွာ ပြောဆိုတတ်ကြစေရန် ရည်ရွယ်၍ ကျင်းပခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)


