နေပြည်တော် ဇန်နဝါရီ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိ သူများသည်ယမန်နေ့ညနေပိုင်းက နေပြည်တော်၊ လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာတွင် ဆောင်ရွက် လျက်ရှိသည့် စနစ်ကျလယ်ယာ မြေ (၃၃၈ ဒသမ၂၆) ဧကကို ကွင်းဆင်းစစ်ဆေးသည်။
လယ်ဝေးမြို့နယ် ချောင်းမငယ်ရေသောက်စနစ်အတွင်းရှိ အဆိုပါ စနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်း လုပ်ငန်းတွင် တောင်သူ ၁၁၀ (ဦးပိုင် ၁၅၅ ခု) ပါဝင်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိတွင် လုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကာ ၂၀၂၄ မတ်လကုန်တွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ယနေ့အထိ စနစ်ကျလယ်ယာမြေ ၁၃၉၃၇ ဒသမ ၈၉ ဧက ဖော်ထုတ်ပြီး ဖြစ်ကြောင်း သိရသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် မဒန်းရေလွှဲဆည်နှင့် ဧလာလေယာဉ်ကွင်း အကြား ဆောင်ရွက်လျက်ရှိသည့် မဒန်းဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
မဒန်းဆည်ရေသောက်စနစ်လုပ်ငန်းများတွင်ပါဝင်သည့် လယ်ယာမြေလျော်ကြေး ပေးချေခြင်းလုပ်ငန်း၊ မြေကြီးလုပ်ငန်း၊ တူးမြောင်းအဆောက်အအုံလုပ်ငန်း၊ လိုင်နင်စီခြင်းနှင့် ကန့်ကားခင်းခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးမြေ ဧက(၃၂၀၀)ကို အကျိုးပြုနိုင်ခဲ့ပြီး ယနေ့အထိ လုပ်ငန်း ၆၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကာ မတ်(၁)ရက်တွင် လုပ်ငန်းအားလုံးပြီးစီးပါက စိုက်ပျိုးမြေ ဧက(၂၈၀၀)ကို စိုက်ပျိုးရေတိုးမြှင့်ပေးဝေနိုင်မည်ဖြစ်၍ မဒန်းဆည်ရေသောက်စနစ်အတွင်းရှိ စိုက်ပျိုးမြေဧရိယာ စုစုပေါင်းဧက(၆၀၀၀)ကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


