နေပြည်တော်   ဇန်နဝါရီ    ၃၀

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (/၂၀၂)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပ သည်။  

 

အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ၊ ဥက္ကဋ္ဌများ၊ ဆပ်ကော်မတီဝင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံးနယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

 

အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယဉ်ကျေးမှုနှင့် ဘာသာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဝိသေသလက္ခဏာကို သတ်မှတ်ဖော်ပြနိုင်သည့်အတွက် ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်မြှင့် တင်ခြင်းဖြင့် ဘာသာ၊ သာသနာထွန်းကား ပြန့်ပွားစေခြင်းလုပ်ငန်းများအရေးပါပြီး မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ နိုင်ငံ၏တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနှင့် စည်းလုံးညီညွတ်မှု တို့အတွက်လည်း ယဉ်ကျေးမှုနှင့် ဘာသာ ရေးက အဓိကဖော်ဆောင်ပေးနိုင်ပါကြောင်း၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း မြှင့်တင်ပေးခြင်း၊ တိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်ရာဘာသာများကို ထောက်ပံ့ကူညီ ပေးခြင်း၊ ဘာသာ၊ သာသနာပြန့်ပွားစေခြင်းတို့ဖြင့် တိုင်းရင်းသားလူငယ်များကို ဗလငါးတန်နှင့် ပြည်စုံသည့် လူငယ်များဖြစ်လာစေရေး ပျိုးထောင်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီဝင်ဌာန များအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန်ကျန်ရှိနေသေးသည့် လုပ်ငန်းများကို သတ်မှတ်ချိန် အတွင်းပြီးမြောက်စေရန်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လျာထားလုပ်ငန်းစီမံကိန်းများကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန်အတွက် စနစ်တကျအစီအမံများ ချမှတ်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဆပ်ကော်မတီဝင်ဌာနများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)