နေပြည်တော် ဇန်နဝါရီ ၃၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အောက်ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်အသိပညာပေးဟောပြောပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ Theatre ခန်း မ၌ ကျင်းပရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သစ်တောနှင့်ပတ်ဝန်း ကျင်ဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာခင်မောင်ဆင့် နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်က အနာဂတ်မျိုးဆက်သစ် လူငယ်များအနေဖြင့် အဂတိလိုက်စားမှု၏ ဘေးအန္တရာယ် နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ်နိုင်စေရန်၊ အဂတိ လိုက်စားမှုတိုက်ဖျက် ရေး လုပ်ငန်းစဉ်များတွင် တစ်ဦးတစ်ယောက်မှစပြီး ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်လာစေရန်၊ ကျောင်းသားလူငယ်များအနေဖြင့် အများအကျိုး ဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံ စဉ်းစားတွေးခေါ်မှုကို မှန်ကန်စေရန်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သား ကောင်းများ ဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝသည်းမခံသော ယဉ်ကျေး မှုတစ်ရပ် ဖြစ်ထွန်းစေရန် ရည်ရွယ်ပါကြောင်း။

အဂတိလိုက်စားမှုသည် “လာဘ်ပေးလာဘ်ယူမှု” ထက် ပိုမိုကျယ်ပြန့်ပါကြောင်း၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန်အတွက် ဖြောင့်မတ်တည်ကြည်မှုကို ဦးစွာ တည်ဆောက်ရန်လိုကြောင်း၊ ဖြောင့်မတ်တည်ကြည်မှု မြင့်မားလာပါက အဂတိလိုက်စားမှုလည်း လျော့နည်းကျဆင်းသွားနိုင်ပါကြောင်း၊ မျိုးဆက်သစ်လူငယ်များ ဖြောင့်မတ်တည်ကြည်မှုရှိသော လူမှုအသိုက်အဝန်းဖြစ်လာစေရန် စဉ်းစားတွေးခေါ်မှုနှင့် ကျင့်ဝတ်လိုက်နာမှုများကို ငယ်စဉ်ကတည်းက စာသင်ကျောင်းများတွင် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် လူမှုကျင့်ဝတ်များကို လေးစားလိုက်နာ လျက် ဖြောင့်မတ် တည်ကြည် မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ကျင့်သုံးကာ လူ့အဖွဲ့အစည်းအပေါ် မှန်ကန် ကောင်းမွန်သော အတွေးအမြင်များဖြင့် ဖန်တီးပုံဖော်ကြရန် တိုက်တွန်းပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုး က  အဂတိလိုက်စားမှု၏ သဘောသဘာဝများနှင့် အဂတိလိုက်စားမှုဖြစ်ပေါ်ရ ခြင်း၊ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် တားဆီး ကာကွယ်ရေး၏အရေးပါပုံ၊ ညွှန်ကြားရေးမှူး ဦးအောင်ခန့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နိုင်က ကျင့်ဝတ်စံနှုန်း နှင့်ဖြောင့်မတ်တည်ကြည်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြရာ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့် က ကျေးဇူးတင်စကားပြောကြားခဲ့ ကြောင်း သိရသည်။

သတင်းစဉ်