နေပြည်တော် ဇန်နဝါရီ ၃၁
တောင်သူလယ်သမားများအတွက် ဈေးနှုန်းသင့်တင့်ပြီး လုပ်ငန်းတွင်ကျယ်စေမည့် အပေါ့စား လက်ဆွဲကောက်စိုက်စက်များကို မန္တလေးတိုင်းဒေသကြီးအတွင်း ထုတ်လုပ်နိုင်ရန် စက်မှုလယ်ယာဦးစီးဌာနနှင့် ပုဂ္ဂလိကစက်မှုလက်မှုလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဆွေးနွေးပွဲတွင် စပါးကိုကြဲပက်စိုက်ပျိုးခြင်းသည် လွယ်ကူသော်လည်း မျိုးစေ့ပမာဏ ကုန်ကျမှုများပြားခြင်း၊ စပါးပင်များထူထပ်၍ ယှဥ်ပြိုင်ကြီးထွားရသည့်အတွက် ပင်ကြပ်ပင်ညပ်များ များပြားခြင်းကြောင့် အထွက်နှုန်းနည်းပါးခြင်း၊ အာဟာရများကို လုယူစားသုံးရသည့်အတွက် အောင်မြင်ပြည့်ဖြိုးသည့် အစေ့အဆန်များ ရရှိရန် ခက်ခဲခြင်းတို့အပြင် လေဝင်လေထွက်ညံ့ဖျင်း၍ ရောဂါဘယထူခြင်းတို့ မကြုံတွေ့စေရန်နှင့် လယ်ယာလုပ်သား ရှားပါးမှု အခက်အခဲကို ကျော်လွှားနိုင်ရန်အတွက် စက်မှုလယ်ယာဦးစီးဌာန အောက်ရှိ ကျောက်ဆည် အင်းကုန်းစက်ရုံက စမ်းသပ်ထုတ်လုပ်သည့် အပေါ့စား လက်ဆွဲကောက်စိုက် စက်များကို နွေစပါးစိုက်ပျိုးရာသီမှစတင်၍ တောင်သူများလက်ဝယ်အရောက် တွင်တွင် ကျယ်ကျယ် အသုံးပြုနိုင်ရေးအတွက် စမ်းသပ်တီထွင် ထုတ်လုပ်ထားသည့် လက်ဆွဲကောက် စိုက်စက်နှင့် ပတ်သက်သည့် နည်းပညာများ အချက်အလက်များကို ပုဂ္ဂလိကစက်မှုလက်မှု လုပ်ငန်းရှင်များအား လွှဲပြောင်းပေးအပ်သွားမည်ဖြစ်၍ စရိတ်သက်သာပြီး အရည်အသွေး ကောင်းမွန်သော လက်ဆွဲကောက်စိုက်စက်များ ထုတ်လုပ်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်း ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု စာရင်းဇယား ကိန်းဂဏန်းများ တိကျမှန်ကန်ရေး၊ သီးထပ်စွမ်းအားတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးတက်ရေးအတွက် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ရန် လိုအပ်ချက်များ၊ မျိုးကောင်း မျိုးသန့် ထုတ်လုပ်ခြင်းနှင့် မျိုးစေ့ဖြန့်ဝေမှု ပိုမိုအားကောင်းလာစေရေးအတွက် တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်နိုင်ရေးအတွက် နည်းပညာနှင့် လိုအပ်ချက်များ ကူညီ ဖြည့်ဆည်း ဆောင်ရွက်ကြရန်၊ နည်းပညာပေးလုပ်ငန်းကို ထိရောက်စွာဆောင်ရွက်ရန်၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးလာရေးအတွက် အစာစက်ရုံများအတွက် ကုန်ကြမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး အပါအဝင် လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲပုတ်၊ ဆူးပန်း စသည့် ဆီထွက်သီးနှံများ ဆီကြိတ်ခွဲထုတ်လုပ်မှုနှင့် ထုတ်လုပ်မှု ကွင်းဆက်များကို မေးမြန်းဆွေးနွေးပြီး နှမ်းကြီးမျိုးများ မျိုးသုဉ်းပျောက်ကွယ်မှု မဖြစ်ပေါ်စေရေး မျိုးထိန်းပေးရန်၊ အလားအလာ ကောင်းသော ပဲပုတ်သီးနှံ တိုးချဲ့စိုက်ပျိုးရန် လိုအပ်သည့် သုတေသန၊ နည်းပညာဖွံ့ဖြိုးရေးနှင့် ဆီကြမ်းနှင့် ဆီချော ထုတ်လုပ်ရန် လိုအပ်ချက်များအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ မျိုးထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ကြရန်မှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ချမ်းအေးသာစံမြို့နယ်ရှိ မဟာကထိန်တော်အသင်း မန္တလေးကုန်စည်ဒိုင်၏ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံလက်က္ကား ရောင်းဝယ်ဖောက်ကားနေမှုနှင့် ကုန်စည်လည်ပတ်စီးဆင်းမှုကို သွားရောက်ကြည့်ရှုလေ့လာပြီး မျိုးပြန်လည်သန့်စင်ရန် လိုအပ်သည့် သီးနှံမျိုးများကိုရယူခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


