နေပြည်တော် ဇန်နဝါရီ ၃၁
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ဆဲစိုက်ပျိုးရေး စီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးများ၊ သမဝါယမဦးစီးဌာနမှူးများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပဲတီစိမ်းနှင့် နွေစပါး စီမံကိန်း၊ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစီမံကိန်းများ၏ အားသာချက်၊ အားနည်းချက်များ၊ ကြုံတွေ့ရသော အခက်အခဲများအား ဆွေးနွေးကြပြီး ပိုမိုကောင်းမွန်သော အကောင်အထည်ဖော်ရေးနည်းလမ်းများအား ဝိုင်းဝန်းအဖြေရှာဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် နွေစပါးစီမံကိန်း အတွက် အချိန်မီစာချုပ် ချုပ်ဆိုနိုင်ရေး၊ သွင်းအားစုများ ကြိုတင်စုဆောင်းထားရှိရေး၊ တောင်သူများထံသို့ သွင်းအားစုများ အချိန်မီဖြန့်ဖြူးနိုင်ရေး၊ သွင်းအားစုဈေးနှုန်းနှင့် အရည် အသွေး မှန်ကန်ရေး၊ ဓာတ်မြေဩဇာ အရည်အသွေးစစ်ဆေးကြပ်မတ်ခြင်း၊ ရန်ပုံငွေများ အကျိုးရှိစွာ အချိန်မီသုံးစွဲနိုင်ရေးနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များ၏ အနီးကပ် ကြီးကြပ်မှုဖြင့် တောင်သူများ၊ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့်ပူးပေါင်း၍ စီမံကိန်းလျာထားချက် ပြည့်မီကျော်လွန်ရေး ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ၂၀၂၃-၂၀၂၄ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းအား လက်ရှိကြုံတွေ့ရသည့် အားသားချက်၊ အားနည်းချက်များအား သုံးသပ်၍ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပသို့ စားသုံဆီ တင်ပို့နိုင်ရေးအတွက် နိုင်ငံတော်၏ စီမံကိန်းလျာထားချက်များ ပြည့်မီကျော်လွန်စေရန် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သီးနှံရာသီအလိုက် နိုင်ငံ့စီးပွားမြှင်တင်ရေရန်ပုံငွေများကို သတ်မှတ်ကာလအမီ သုံးစွဲနိုင်ရေး နှင့် ချေးငွေပြန်လည်ကောက်ခံရရှိရေးကိစ္စများအား အချိန်မီဆောင်ရွက်နိုင်ရေးတို့အတွက် စီမံကိန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသော တောင်သူအစုအဖွဲ့၊ ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့၊ သွင်းအားစု ရောင်းချသူ အစုအဖွဲ့များသတ်မှတ် စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေးနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


