နေပြည်တော် ဇန်နဝါရီ ၃၁
အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးနှင့် စည်ပင်ဧည့်ရိပ်သာရှေ့ရှိ EV Charging Station များ ကိုကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကော်မတီမှ တင်သွင်းခွင့်ပြုခဲ့သည့် လျှပ်စစ်သုံးယာဉ်အမျိုးမျိုးအတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းနိုင်သည့် စနစ်များ ပြည့်စုံအောင်တပ်ဆင်ထားရှိရန်၊ Charging Station ရှိ တာဝန်ရှိသူများအနေဖြင့် သုံးစွဲသူ ပြည်သူများ၏ အကြံပြုချက်များအတိုင်း ပြုပြင်ပြောင်းလဲတပ်ဆင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ လျှပ်စစ်သုံးယာဉ်များသို့ လျှပ်စစ်ဓာတ်အားများ ဖြည့်သွင်းနေစဉ် မမျှော်မှန်းနိုင်သည့်ကိစ္စရပ်များ ဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရေး အစီအမံများ ရေးဆွဲထားရန်၊ ပြည်သူများအနေဖြင့် လျှပ်စစ်သုံးယာဉ်များကို ပိုမိုအသုံးပြု လာနိုင်မည်ဖြစ်၍ Charging Station များ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုတင်စဉ်းစားဆောင်ရွက် ထားရန်၊ Charging Station များ တည်ထောင်ဖွင့်လှစ်ထားသည့် ကုမ္ပဏီများအနေဖြင့် ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း တွေ့ကြုံနေသည့် အခက်အခဲများ ရှိပါက အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီနှင့် လုပ်ငန်းကော်မတီ (၅)ခုတို့သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်၊ Charging Station များတွင် မီးငြိမ်းသတ်ရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထား ရှိရန်နှင့် မီးဘေးအန္တရာယ်ကာကွယ်ရေး စီမံချက်များရေးဆွဲပြီး ဇာတ်တိုက်လေ့ကျင့်ထား ကြရန်မှာကြားပြီး EV Charging Station များ တည်ဆောက်ထားရှိမှု၊ လျှပ်စစ်သုံး ယာဉ်များအား လျှပ်စစ်ဓာတ်အား ဖြည့်သွင်းနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


