နေပြည်တော် ဇန်နဝါရီ ၃၁
ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ မလွှကုန်း မှ မြို့ဟောင်း ခရီးစဉ်အဖြစ် ထွက်ခွာလာ သည့် အမှတ်(၉၀၁)အဆန်ကုန်ရထားသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပိန်းဇလုပ်ဘူတာမှ နံနက်၇နာရီ၃၅မိနစ်တွင်ထွက်ခွာပြီး ပိန်းဇလုပ်ဘူတာနှင့် ကျောက်တံခါး ဘူတာအကြား မိုင်တိုင်အမှတ် ၁၀၃/၁၂-၁၃ အကြား ရထားခုတ်မောင်းဖြတ်သန်းစဉ် နံနက်(၇)နာရီ ၄၂ မိနစ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် မိုင်းပေါက် ကွဲခဲ့သဖြင့် ရထားတွဲဆိုင်းတွင်ပါရှိသော စက်ခေါင်းနှင့်အတူ စက်ခေါင်း နောက်ကပ်လျက်ကုန် တွဲ(၃)တွဲတို့ လမ်းချော်ကျမှု ဖြစ်ပွားသည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ်(၁၁)အဆန် လူစီးရထားသည် နံနက် ၉ နာရီ မိနစ် ၄၀ တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်ဘူတာ၌ ခေတ္တရပ်နားခဲ့ရပြီး မြန်မာ့မီးရထားက ခရီးသည်(၂၀၈)ဦးအား မော်တော်ယာဉ်(၇)စီးဖြင့် တောင်ငူ ဘူတာသို့ ပို့ဆောင်ပေးခဲ့သည်။ ထို့အပြင် မန္တလေးမှ ထွက်ခွာလာသည့် အမှတ်(၁၂) အစုန်ရထားသည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် တောင်ငူဘူတာသို့ ရောက်ရှိခဲ့ရာ ညောင်လေးပင်မှ မော်တော်ယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်များအား တင်ဆောင်၍ နေ့လည်(၃)နာရီ(၄၅)မိနစ်တွင် မန္တလေးဘက်သို့ အမှတ်(၁၁) အဆန်ရထားအဖြစ် ပြန်လည် ထွက်ခွာပို့ဆောင်ပေးခဲ့သည်။ တောင်ငူဘူတာသို့ရောက်ရှိနေသည့် အမှတ်(၁၂)အစုန်ရထားနှင့် အမှတ်(၂)အစုန်ရထားတို့ဖြင့် လိုက်ပါလာသည့် ခရီးသည်(၂၅၂) ဦးအား ညနေ ၄ နာရီတွင် မော်တော်ယာဉ်(၈)စီးဖြင့် ညောင်လေးပင်ဘူတာသို့ ပို့ဆောင်ပေးပြီး အဆိုပါဘူတာမှ ရန်ကုန်သို့ အမှတ်(၁၂)အစုန် ရထားဖြင့် ည(၈)နာရီတွင် ဆက်လက် ပို့ဆောင်ပေးခဲ့သည်။ ခရီးသည်များ အားမော်တော်ယာဉ်များဖြင့် ရထားပေါ်သို့ ကူးပြောင်းပို့ဆောင်ခြင်းပြုလုပ်ရာတွင် ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ခရီးသည်များအတွက် သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများဝေငှပေးခြင်းများကို မြန်မာ့မီးရထားဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထား ဝန်ထမ်းများကလည်း လမ်းချော်ကျသော စက်ခေါင်းနှင့်တွဲများအား မတင်၍ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ရထားလမ်းပြန်လည်မွမ်းမံပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်းအကြိမ် ၁၃၀ ၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း (၄၆) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေမြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံအဆောက်အဦများပိုမိုကောင်းမွန် လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများ ကမူ နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေ ရေး၊ ပြည်သူများအသက်အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး ရထားဖြင့် ခရီးသွားလာမှု မပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရေးတို့အတွက် ယုတ်မာပက်စက်သော ရည်ရွယ် ချက်များဖြင့် အကြိမ်ကြိမ်ကျူးလွန်နေကြသောကြောင့် အဆိုပါအကြမ်းဖက်သောင်းကျန်းသူ များ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


