နေပြည်တော် ဇန်နဝါရီ ၃၁

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဉီးမင်းနောင် က နိုင်ငံတော်အစိုးရ၏ စီးပွားရေး ဦးတည်ချက်ကို အကောင်အထည်ဖော်ရာတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စနစ်တကျအသုံးပြုပြီး စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများ အသုံးပြုခွင့် လုပ်ကိုင်ခွင့်များ ခွင့်ပြုချထားပေးလျက်ရှိကြောင်း၊  အသုံးပြုခွင့်ရရှိသူများ အနေဖြင့်သတ်မှတ်ကာလအတွင်း သတ်မှတ်ထားသည့်စည်း ကမ်းချက်နှင့်အညီ အပြည့်အဝ စိုက်ပျိုးမွေးမြူလုပ်ကိုင်ဆောင်ရွက် အသုံးပြုရန်လို အပ်ကြောင်း။
 
သို့မှသာ လုပ်ကိုင်ခွင့်ရရှိသူများအတွက် ထိုက်သင့်သည့် အကျိုးစီးပွားဖြစ်ထွန်းမှုရရှိပြီး  နိုင်ငံတော်အတွက်လည်း ဆောင်ရွက်မှုလုပ်ငန်းအမျိုးအစားအလိုက် ကုန်ထုတ် စွမ်းအား များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံ ပိုလျှံရေးအတွက် အဓိကအားထား ဆောင်ရွက်နေရသည့် လယ်ယာမြေများ မလျော့ပါးစေရန် အခြေခံ အဆောက်အဦများ တည်ဆောက်ရာတွင် လယ်ယာမြေများကို အသုံးပြုခွင့်ပေးခြင်းမပြုဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုသာ အကျိုးရှိရှိ အသုံးချစေရမှာဖြစ်ကြောင်း။ 

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ အသုံးချခွင့်ပေးခဲ့ပြီးနောက် မြေခွန်တော်ကင်းလွတ်ခွင့် ကာလကုန်ဆုံးပြီးပါက နှစ်စဉ်ကြေး မြေခွန်ကို အပြည့်အဝ စည်းကြပ်ကောက်ခံနိုင်ရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ မြေခွန်တော်ကြွေးကျန် ဖြစ်ပေါ်ခြင်း၊  သတ်မှတ်ထားသော စည်းကမ်းများကိုမလိုက်နာခြင်းများ ဖြစ်ပေါ်လာပါက ဥပဒေတွင်ပါရှိသည့်အတိုင်း လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ပေးထားသောမြေကို ပြန်လည် သိမ်းဆည်းခြင်း၊ ပေးသွင်းထားသည့် အာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခြင်းများအပြင် တည်ဆဲဥပဒေများအရ တရားစွဲဆိုခြင်းကိုလည်း ခံရနိုင်သည်ကို အသိပေးပြောကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ အတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းများကို တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များက အကြောင်းအရာ တစ်ချက်ချင်းအပေါ် ဆွေးနွေးဆောင်ရွက်ကြသည်။

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ သဘောထားမှတ်ချက် ပြန်ကြားလာသည့်  လုပ်ငန်းစာတွဲများ စိစစ်တင်ပြခြင်း ၊ ဗဟိုကော်မတီက ခွင့်ပြုခဲ့ပြီး သတ်မှတ်ကာလ (၄) နှစ်ကျော်လွန်သည်အထိ လုပ်ကိုင်အသုံးပြုခြင်းမရှိသဖြင့် အထူးအဖွဲ့ဖြင့် စစ်ဆေးတင်ပြ လာခြင်းကိစ္စရပ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၄၊ နည်းဥပဒေ ၆၇ တို့အရ ပေးသွင်းထားသည့် အာမခံကြေးအား ပြန်လည်ထုတ်ပေးရန် တင်ပြခြင်းကိစ္စ ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများက မြန်မာ့စီးပွားရေးဘဏ်သို့ မြေခွန်ပေးသွင်းထားခြင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်