ရန်ကုန် ဇန်နဝါရီ ၃၁

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ  (ဒုတိယမြို့တော်ဝန်)  ဦးညီညီ သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒလမြို့နယ်၊ တာကြီးကျေး ရွာ သို့သွားရောက်၍ အင်ဂျင်နီယာဌာနက တာဝန်ယူဆောင်ရွက်နေသော ဇုန် (၁၀) ရေ ပေးဝေရေးစခန်း တည်ဆောက်ရေးစီမံကိန်း၌ ရေဂါလန် ၁၅ သိန်းဆံ့ ရေစုကန်နှင့် မြင်း ကောင်ရေ ၄၅ ကောင်အားရှိ  ရေတွန်းစက်တည်ဆောက်နေမှုကို  ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒလမြို့နယ် ရေပေးဝေရေးစခန်း၌ 330 kW Solar Power Plant (PV System ) ဆောင်ရွက်ထားရှိမှု၊ Nano Filter  ရေသန့်စင်မှုစနစ်ဖြင့် သုတေသန ဆောင်ရွက်နေမှု၊ ရေတွန်းစက်ရုံ၊ ဂါလန်(၁)သိန်း ဆံ့ရေစုကန်(၂)ကန်နှင့် ရေသန့်စင်စက်ရုံများကိုလည်းကောင်း၊ ရန်ကုန်ပေါက်ကျေးရွာအနီး ကျိုက်သလဲ ရေနက် ကွင်းရှိ တွံတေးငါးမွေးမြူရေးစခန်း၌ မြေဧရိယာ ၁၀၉ ဒဿမ ၉၃ ဧကအပေါ်၌   ဒလမြို့နယ် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ (Final Disposal Site - FDS) တည်ဆောက်ရေးစီမံကိန်းအတွင်း မြေပြုပြင် ဆောင်ရွက်နေမှုအခြေအနေနှင့် အရှည်ပေ ၉၀၊  အကျယ်ပေ ၃၀ ရှိ Skew Type ကွန်ကရိတံတားတည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို လည်းကောင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီး စီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယမြို့တော်ဝန်က လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်အကောင် ထည်ဖော် ဆောင်ရွက်ရန်မှာကြားသည်။

အဆိုပါ ရန်ကုန်ပေါက် ရေပေးဝေရေးစခန်းသည် အကျယ် ၁၀ ဒဿမ ၇ ဧကပေါ်၌ ၁၂ လက်မ အဝီစိတွင်း (၄) တွင်း၊ ၁၀ လက်မ အဝီစိတွင်း (၈) တွင်း၊ ၈ လက်မ အဝီစိတွင်း (၁)တွင်းနှင့် ၁၀ လက်မ မိုးရေစုတွင်း (၇) တွင်းတို့မှ ရေဂါလန် (၁)သိန်း ဆံ့ ရေစုကန် သို့ပေးပို့ပြီး ရေတွန်းစက် (၄) လုံးဖြင့် ဒလမြို့နယ်သို့ နေ့စဉ် ရေဂါလန် (၁) သန်း ဖြန့်ဖြူးပေးလျက်ရှိသည်။

ထို့အတူ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်ကျေးရွာ အနီး ကောက်ကွေ့-ဓနိတော ရေဝင်ရေထွက်မြောင်း ပိတ်ဆို့နေမှုအား ကြည့်ရှုစစ်ဆေးပြီး Box Culvert တည်ဆောက်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန် မှာကြားကာ ဒလမြို့နယ် တပင်ရွှေထီးရပ်ကွက်ရှိ ဗိုလ်တေဇလမ်းနှင့်  ဒလ-တွံတေးလမ်း ကွန်ကရိ ခင်းနေမှုနှင့် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်