နေပြည်တော် ဖေဖော်ဝါရီ ၁
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ စီမံကိန်း၊ စီမံကိန်းဦးဆောင်ကော်မတီ၏ (၂၉)ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စီမံကိန်းဦးဆောင်ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အတိုးနှုန်းသက်သာစွာဖြင့် တောင်သူတစ်ဦးချင်းကို ကျပ်သိန်း(၇၀၀)အထိ ချေးငွေများကို နှစ်တို(၃)နှစ်၊ နှစ်ရှည်(၅)နှစ် အရစ်ကျ ပြန်ဆပ် စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်ထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုတို့မှ မြို့နယ် (၁၈၇)မြို့နယ်ရှိ တောင်သူ (၅၇၀၃) ဦး သို့ချေးငွေကျပ် (၂၃၈၄၂၅ ဒသမ ၁၇၈) သန်း ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ် (၇) ခုရှိ မြို့နယ် (၁၇) မြို့နယ်မှ တောင်သူ (၄၆) ဦးသို့ ချေးငွေကျပ် (၃၁၁၆ ဒသမ ၆၅) သန်းထုတ်ချေးခဲ့ပါကြောင်း၊ ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက် မပြတ် ထုတ်ချေးနိုင်ရန် ဆက်လက်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ် (ရုံးချုပ်) နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် ထုတ်ချေးထားသောချေးငွေများနှင့်စပ်လျဉ်း၍ Evaluation & Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေးအတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်သွားရန်နှင့် ချေးငွေအစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာများ ပါဝင်ရောင်း ချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးကြရာ ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု သုံးသပ်ဆွေးနွေးကြသည်။
သတင်းစဉ်


