နေပြည်တော် ဖေဖော်ဝါရီ ၁

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဒုတိယဝန်ကြီး ဦးမင်းသူ တို့က ဆွေးနွေးဆောင်ရွက်သွားမည့် အမျိုးသားမြေ ဥပဒေမူကြမ်းပါ အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးက အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးလုပ်ငန်းနှင့်ပတ်သက်၍ အမျိုးသားမြေ အသုံးချမှုကောင်စီ၏ ပဉ္စမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းများကို တင်ပြသည်။

ထို့နောက် ဥပဒေရေးဆွဲရေးအဖွဲ့ငယ် အဖွဲ့ခေါင်းဆောင်များက ဥပဒေမူကြမ်း၏ တစ်ခန်းချင်း အလိုက် ရေးသားပြုစုထားမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်အကြံပြု ဆွေးနွေဲ့ကြသည်။

ရေးဆွဲပြုစုလျက်ရှိသည့် အမျိုးသား မြေဥပဒေတွင် လက်ရှိကျင့်သုံးလျက်ရှိသော ဥပဒေများ၌ မြေနှင့်စပ်လျဉ်း၍ အဓိပ္ပါယ်ဖော်ပြချက်များနှင့် ဥပဒေချင်း ဝိရောဓိဖြစ်နေသော အချက် များရှိပါက ဖြေရှင်းပေးနိုင်မည့် အချက်များထည့်သွင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယအကြမ် အစည်းအဝေးတွင် မြေဥပဒေရေးဆွဲပြုစုရေး လုပ် ငန်းစီမံချက်နှင့် လုပ်ငန်းအချိန်ကာလ သတ်မှတ်မှုတို့ကို အကြမ်းစတင်ဆွေးနွေးခဲ့ကြပြီး လှည့်လည်စာတွဲနှင့် ထပ်မံအကြံပြုခဲ့မှုများအပေါ် အချောသတ်ပြုစု၍ လုပ်ငန်းကော်မတီသို့ တင်ပြပေးနိုင်ခဲ့ကြောင်းနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အပြီးသပ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်