နေပြည်တော် ဖေဖော်ဝါရီ ၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ သည် ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ နှင့်တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ကျောင်းအလိုက် စာကြည့်တိုက်များရှိ စာအုပ် စာတမ်းများ၊ သုတေသနသုံးစက်ပစ္စည်းများကို ကျောင်းသား ကျောင်းသူများ အလွယ်တကူ အသုံးပြုနိုင်ရေးနှင့် အသုံးပြုမှတ်တမ်းများထားရှိရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တက္ကသိုလ်များ၊ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊  ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသပ်ရပ်သာယာမှု ရှိရေးနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ အခြေခံပညာကျောင်း စာမေးပွဲများနှင့် တက္ကသိုလ်ဝင်စာမေးပွဲများကျင်းပရန် နီးလာပြီဖြစ်၍ စာမေးပွဲကျင်းပစဉ်ကာလများတွင် အခြေခံပညာမှ ဆရာ၊ ဆရာမ များနှင့် အဆင့်မြင့်ပညာမှ ဆရာ၊ ဆရာမများအားလုံး ညီညီညွတ်ညွတ်ပူးပေါင်း၍ အောင်မြင် အောင်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ဒေသအသီးသီးမှ စာဖြေ ကျောင်းသား ကျောင်းသူ များ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များဖြည့်ဆည်း ကူညီဆောင်ရွက် ပေးကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလန်း ရရှိအောင်၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားလုံးက ညီညွတ်စွာ ဝိုင်းဝန်းလက်တွဲ‌ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က ဆရာ၊ ဆရာမ များအနေဖြင့် ကျောင်း သားကျောင်းသူများ စဉ်းစားတွေးခေါ်မှုအား ကောင်းလာစေရန် ပရောဂျက် အခြေပြုသင်ယူ လေ့လာမှု(Project-based Learning) စနစ်ကို အလေးထား ဆောင်ရွက်ရန်မှာကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ် ကျောင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်