တနင်္သာရီ ၂၄ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာမြို့နယ် မောတောင်မြို့နယ်စပ်ဂိတ်၌ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၇ နာရီခွဲခန့်က ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ထိုင်းနိုင်ငံတောင်ခြေဈေးမှ ဝယ်ယူသယ်ဆောင်လာသည့် အေးခဲအသား (၅၇)ကီလိုခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းဖျက်ဆီးခဲ့ကြောင်း မောတောင်နယ်မြေရဲစခန်းမှ သိရသည်။
အဆိုပါ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွင် မောတောင်မြို့အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်း ဦးစီး၍ ဒုရဲမှူး အောင်ကျော်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်ပြီး မောတောင်နယ်စပ်ဂိတ်၌ အေးခဲအသားများ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်လာခြင်း ရှိ/မရှိ ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့ရာ မောတောင်မြို့ မြို့မရပ်ကွက် စိန်ပန်းနီလမ်းနေ ဦးဇော်မြဝင်း (၄၃)နှစ်သည် မော်တော်ဆိုင်ကယ်ဖြင့် ကြက်အသည်း၊ ကြက်အမြစ်၊ ကြက်ရိုး အေးခဲအသား (၂၂)ကီလိုခန့်အားလည်းကောင်း၊ အလားတူ မောတောင်မြို့ မြို့မရပ်ကွက် သစ္စာလမ်းနေ ဒေါ်စန်းအေး (၃၇)နှစ်သည် မော်တော်ဆိုင်ကယ်ဖြင့် အေးခဲအသား ကြက်အကောင်ရေ (၂၅)ကောင်၊ (၃၅)ကီလိုခန့်တို့အား လည်းကောင်း ထိုင်းနိုင်ငံတောင်ခြေဈေးမှ ဝယ်ယူသယ်ဆောင်လာသဖြင့် သိမ်းဆည်းပြီး နောင်တွင် အဆိုပါအေးခဲအသားများအား ဝယ်ယူသယ်ဆောင်ခြင်းမပြုရန်နှင့် ဆက်လက်ဝယ်ယူ သယ်ဆောင်ခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြား၍ ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရသည်။
အဆိုပါသိမ်းဆည်းရမိခဲ့သော အေးခဲအသား (၅၇)ကီလိုခန့်အား မောတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်း ဦးစီးပူးပေါင်းအဖွဲ့မှ မောတောင်နယ်စပ်ဂိတ်အနီးတွင် ကျင်းတူး၍ မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)
