ရန်ကုန် ဖေဖော်ဝါရီ

 

အရေးပေါ်ဆေးအကာအကွယ်ပေးခြင်းနှင့် ရှေးဦးသူနာပြုစုခြင်း နည်းစနစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် သီတာခန်းမ ကျင်းပသည်။

 

ဦးစွာ တပ်မတော်ဆေးရုံကြီးတပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် လူမှုဝန်ထမ်းစိတ်ဓာတ် အခြေခံကောင်းများ ခိုင်မာပြည့်ဝသည့် တပ်ဖွဲ့ဝင်များဖြစ်၍ ယခုလိုဆေးပညာရပ်များကို ထပ်ဆင့်သင်ကြား လေ့ကျင့်ပေးနိုင်ခြင်းဖြင့် ပြည်သူလူထုကို ပိုမိုအလုပ်အကျွေးပြုနိုင်သူများ ဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ အဆိုပါဆေးပညာရပ်များသည် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ ကျရောက်ရာ နေရာတို့၌ ဒဏ်ရာရလူနာများအား ဆေးရုံဆေးခန်းများသို့မရောက်မီ မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သော ရှေးဦးဆေးဝါးကုသမှုတို့ကို ပြုစုလုပ်ဆောင်နိုင်ရန် လေ့ကျင့်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ၏အကျိုးကို စွမ်းစွမ်းတမံ စွမ်းဆောင်ရွက်ခြင်းဖြင့် အနာဂတ်ကာလ၌ ကြုံတွေ့နိုင်သော မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများကို အောင်မြင်စွာကျော် ဖြတ်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် တပ်မတော်ဆေးရုံကြီး၊ တပ်မှူးက သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီး ဒုတိယတပ်မှူးက သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးကို သင်တန်းဆင်း လက်မှတ်များပေးအပ်သည်။

 

ထို့နောက် အရေးပေါ်ဆေးအကာအကွယ်ပေးခြင်းနှင့် ရှေးဦးသူနာပြုစုခြင်းနည်းစနစ်သင် တန်းကာလအတွင်း လှုပ်ရှားဆောင်ရွက်ခဲ့သည့် မှတ်တမ်း Video Clip ကို ပြသပြီး စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

သင်တန်းဆင်းပွဲအခမ်းအနားသို့ မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ တပ်မတော်ဆေးရုံကြီးများမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူအရာရှိကြီးများ၊ နည်းပြဆရာဝန်များနှင့် သူနာပြုအရာရှိများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

အဆိုပါသင်တန်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်အထိ သင်တန်းကာလ(၁၂)ပတ်တာ စာတွေ့နှင့််လက်တွေ့ ဘာသာရပ်များကို သင်တန်းသား/သင်တန်းသူ (၃၉)ဦးအား သင်ကြားပေးခဲ့သည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများပြင် အခြားသဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက်ဖြစ်ပွားစေတတ်သော ဘေးအန္တရာယ်တစ်မျိုးမျိုးတို့ ကျရောက်လာပါက နိုင်ငံတကာမီးသတ် တပ်ဖွဲ့ဝင်များနည်းတူ မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များအပြင် ပြည်သူလူထုအပေါ် အရေးပေါ်ဆေးအကာအကွယ်ပေးခြင်းနှင့် ရှေးဦးသူနာပြုစုခြင်း (Emergency Medical Services – EMS) ဝန်ဆောင်မှုတို့ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ ပိုမိုတွင်ကျယ်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ- ဇွဲမာန်

သစ္စာ(mna)