ရန်ကုန် ဖေဖော်ဝါရီ ၂
မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီ(ACC)နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာ အလုပ်အကိုင် အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ဝင်များ၊ UMFCCI၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲ ဖြတ်ရေးဌာနတာဝန်ခံများ၊ စစ်ဆေးရေးမှူးများ၊ စစ်ဆေးအကဲဖြတ်သူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အလုပ်သမားဝန်ကြီးဌာနသည် လူ့စွမ်းအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကလိုအပ်သည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်နေသော မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) တွင် Focal Ministry အဖြစ် ဆောင်ရွက်လျက်ရှိ ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီထိ အလုပ်အကိုင် (၄၀) တွင် ဖြေဆိုသူ (၂၇,၄၂၈) ဦးအနက် (၂၅,၁၁၄) ဦးကို ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း၊၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လျာထားချက်ကျော်လွန်၍ အလုပ်အကိုင် (၂၈)မျိုးအတွက် လုပ်သား (၅,၇၇၄)ဦး စစ်ဆေး အကဲဖြတ်နိုင်ခဲ့ပြီး၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်သား (၃,၅၀၀)ကို စစ်ဆေးအကဲဖြတ်ရန် လျာထား ခဲ့ရာ လက်ရှိအချိန်ထိ အလုပ်အကိုင် (၂၉) မျိုးအတွက် ဖြေဆိုသူ (၂,၇၃၅) ဦးတွင် အရည်အသွေးပြည့်မီသူ (၂,၅၃၄) ဦးကို ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ပြီးဖြစ်၍ လျာထားချက်ပြည့်မီအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အလုပ်အကိုင် ၄၈ မျိုးအတွက် ဖြေဆိုသူ (၅,၀၀၀) ဦး စစ်ဆေး အကဲဖြတ်ရန် လျာထားကြောင်း။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ အလုပ်အကိုင် (၅) မျိုးအတွက် ကျွမ်းကျင်လုပ်သား (၄၀၃) ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်မည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ UMFCCI အထွေထွေအတွင်း ရေးမှူးချုပ်၊ မြန်နိုင်ငံအင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ ကိုယ်စားလှယ်များက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ကြသည်။
မွန်လွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု Trade Wind Training Center သို့ ကွင်းဆင်း ကြည့်ရှုသည်။
ထို့သို့ ကြည့်ရှုစဉ် သင်တန်းကျောင်းတာဝန်ခံက Trade Wind Training Center ဆိုင်ရာ အချက်အလက်များနှင့် သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သင်ကြားပို့ချသည့် သင်တန်းများကို အရည်အသွေးပြည့်ဝသည့် သင်တန်းများဖြစ်စေရေးနှင့် မိမိတို့သင်တန်းဆင်းများကို သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရေး အလုပ်ရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။
(သတင်းစဉ်)


