နေပြည်တော် ဖေဖော်ဝါရီ ၂

 

မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် ဖွင့်လှစ်သည့်  နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်း စံများဆိုင်ရာ ဒီပလိုမာသင်တန်း (Diploma in International Financial Reporting Standards-Dip IFRS) အပိုင်း(၁) အမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဉီး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး မြန်မာနိုင်ငံစာရင်း ကောင်စီမှတာဝန်ရှိသူများက Online ဖြင့်တက် ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဉီးက သင်တန်းသားများအနေဖြင့် နိုင်ငံတကာ ဘဏ္ဍာရေး အစီရင်ခံခြင်းစံများ၏ သဘောတရား၊ IFRS အသုံးပြုခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ၊ ဘဏ္ဍာရေးရှင်းတမ်းများရေးဆွဲပြုစုခြင်းဆိုင်ရာ နည်းလမ်းများကို သိရှိနား လည်သဘောပေါက်ပြီး သင်ကြားပို့ချမှုများကို လက်တွေ့လိုက်နာကျင့်သုံးနိုင်သည်အထိ အလေးထား သင်ယူလေ့လာ မှတ်သားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ် သင်တန်းကျောင်း နေပြည်တော်သင်တန်းကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားသည်။          

 

အဆိုပါသင်တန်းတွင် IFRS စာရင်းစံ(၉)ခုကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် အခြားဝန်ကြီးဌာန များမှ သင်တန်းသားစုစုပေါင်း (၉၀) တက်ရောက်ကြောင်း၊ သင်တန်း ကာလမှာ ဇန်နဝါရီ ၁၈ ရက်မှ ဧပြီ ၄ ရက်ထိ (၃) လကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းအောင်မြင်သူများ အနေဖြင့် Dip IFRS အပိုင်း (၂) သင်တန်းသို့ ဆက် လက်တက်ရောက်နိုင်မည်ဖြစ်ပြီး အပိုင်း (၃) သင်တန်းအထိ အောင်မြင်ပြီးမြောက်သူများကို ဒီပလိုမာဘွဲ့ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)