ကနီ  ၂၄  ဖေဖော်ဝါရီ  

 

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်းရှိ တွင်းမအင်းသို့ ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်မှု များလာကြောင်း ဒေသခံများထံမှ သိရသည်။

 

ကနီမြို့နယ် မုံရွာ-ယာကြီး-ကလေးဝ လမ်းဘေးရှိ စိမ်းပြာရေညှိ စပီယူလိုင်းနား ထုတ်လုပ်ခဲ့သော တွင်းမအင်းသည်  ၂၀၁၇ ခုနှစ်မှ စတင်ကာ စိမ်းပြာရေညှိ မထွက်ရှိတော့သောကြောင့် ဒေသခံများမှ တွင်းမအင်းတွင် အပန်းဖြေအနားယူရန် နေရာများ ပြုလုပ်ထားပြီး ထိုနေရာများသို့ ပြည်တွင်းခရီးသွားများ ဝင်ရောက်အပန်းဖြေမှု များလာခြင်းဖြစ်သည်။

 

a

 

“ဒီတွင်းမအင်းကို ၂၀၁၅-၂၀၁၆ ခုနှစ်လောက်ကတည်းက ပြည်တွင်းခရီးသွား တစ်ဦးစ၊ နှစ်ဦးစ လာရင်းကနေ ခုနောက် တစ်ဖြည်းဖြည်း တွင်းမရဲ့ သဘာဝရှုခင်းတွေကို လာရောက်ကြည့်ရှုသူတွေ များလာတယ်။ နေ့စဉ် ဦးရေ ၁၀ဝ လောက်ထိ လာကြတယ်။ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဆို ပိုလာကြတယ်၊ နောက်ကျ လမ်းပန်းဆက်သွယ်ရေး ပိုကောင်းလာရင် အခုထက် ခရီးသွားဝင်ရောက်မှု များမယ်လို့ မျှော်လင့်တယ်။ ပြည်ပခရီးသွားကတော့ နည်းပါတယ်၊ ပြည်တွင်းကပဲ များတယ်။ ကျောင်းသူ၊ ကျောင်းသားတွေ အလာများတယ်” ဟု တွင်းထဲကျေးရွာမှ ကိုဇော်မျိုးမောင်က ပြောသည်။

 

တွင်းမအင်း တောင်ကုန်းကြီးမှာ ပေ ၈၀ဝ ကျော်မြင့်ပြီး အင်းရေပြင်မှာ ဧကပေါင်း ၁၅၀ ကျော် ကျယ်ဝန်းကြောင်း၊ အင်းဘေးပတ်လည်တွင်  အုန်းပင်ကြီးများ ဝိုင်းရံထားသည့်အတွက် ထူးခြားသည့် သဘာဝအလှများ၊ သာယာလှပသည့် အနေအထားများကြောင့် ခရီးသွားဧည့်သည်များ အနေဖြင့် စိတ်ဝင်စားစွာ လာရောက်လည်ပတ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

 

“၂၀၁၇ ခုနှစ်လောက်ကတည်းက ရေညှိမထွက်တော့တာ။ လုပ်တဲ့ကုမ္ပဏီလည်း နားသွားတယ်။ ခုကျွန်တော်တို့က တွင်းပတ်ပတ်လည်မှာ အပန်းဖြေ အနားယူလို့ရတဲ့ ဆိုင်နေရာလေးတွေ လုပ်ထားတယ်။ သဘာဝအတိုင်းဖြစ်နေတဲ့ တွင်းရေပြင်မှာ စက်လှေစီးပြီး ဆောင်းခိုငှက်ကြည့်လို့ ရအောင်ရယ်၊ အုန်းရည်သောက် အပန်းဖြေအနားယူလို့ရအောင် လုပ်ထားပါတယ်” ဟု တွင်းထဲကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

 

a

 

တွင်းမအင်းပတ်လည်တွင် အိမ်ခြေ ၉၀ ခန့်ရှိ တွင်းထဲကျေးရွာတည်ရှိပြီး အဆိုပါကျေးရွာမှ ဒေသခံများသည် သဘာဝအတိုင်း တွင်းမအင်း ပတ်ပတ်လည်တွင် ပေါက်ရောက်နေသော အုန်းပင်များမှ အုန်းသီးများခူးကာ ရောင်းချခြင်း၊ ကွမ်းစိုက်ခြင်း၊ တွင်းပိုးပြုလုပ် ရောင်းခြခြင်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)