နေပြည်တော် ဖေဖော်ဝါရီ ၂
၂၀၂၄ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့(World Wetlands Day)အထိမ်းအမှတ်အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ပျဉ်ပုံကြီး၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဥပဒေချုပ်၊ သစ်တော ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမ များနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာအဆင့် ဒေသခံကိုယ်စားလှယ်များ၊ ကုမ္ပဏီအသင်းအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့၏ ဆောင်ပုဒ်မှာ Wetlands and Human Wellbeing(လူသားတို့ကျန်းမာပျော်ရွှင်ဖို့၊ ရေဝပ်ဒေသများ ထိန်းသိမ်းစို့)ဖြစ်ကြောင်း၊ ရေဝပ်ဒေသများ စဉ်ဆက်မပြတ် တည်ရှိနေမှသာ ရေဝပ်ဒေသများ၏ ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုး ကွဲများ၊ ရေဝပ်ဒေသအပေါ် မှီခိုနေကြသည့် ဒေသခံပြည်သူများ၏ လူမှုစီးပွားအခြေအနေများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ကမ္ဘာ့အဆင့်ရမ်ဆာရေဝပ်ဒေသအဖြစ် မိုးယွန်းကြီးအင်း၊ မိန်းမလှကျွန်း၊ မုတ္တမပင်လယ်ကွေ့၊ အင်းလေးကန်၊ နံ့သာကျွန်းနှင့် မေယုမြစ်ဝ(၆)ခုကို သတ်မှတ်ခံ ထားရပြီးဖြစ်ကြောင်း၊ မိုးယွန်းကြီးအင်းသည် အရှေ့အာရှ-ဩစတြေးလျငှက် ပျံသန်းရာလမ်းကြောင်း (East-Asian Australasian Flyway)နှင့် ဗဟိုအာရှဒေသ ငှက်ပျံသန်းရာလမ်းကြောင်း (Central Asian Flyway)တွင် ကျရောက်လျက်ရှိပြီး မျိုးသုဉ်းရန်အန္တရာယ် ရှိသော မျိုးစိတ်များဖြစ်သည့် ကြိုးကြာ၊ လင်းယုန်၊ ဆောက်လိပ်များရှိခြင်း၊ ရေပျော်ငှက်အကောင်အရေ (၂၀,၀၀၀)နှင့်အထက် ကျက်စားလျက်ရှိကြောင်း၊ ဆောင်းခိုငှက်အကောင်အရေ (၂၀,၀၀၀)မှ (၃၀,၀၀၀) အထိ ကျရောက်ခဲ့ကြောင်း၊ လူသားများအတွက် မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ်ကပ်ဘေးကျရောက်မှုများ လျော့ပါးစေနိုင်ရန် ရေဝပ်ဒေသများအား ထိန်းသိမ်းကာ ကွယ်ရာတွင် အားလုံးကပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တက်ရောက်လာသူများသည် ပြသထားသော ပိုစတာများ၊ ဓာတ်ပုံများနှင့် ဆုရရှိသည့် စာစီစာကုံးကိုကြည့်ရှုကာ မိုးယွန်းကြီးအင်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


