နေပြည်တော်  ဖေဖော်ဝါရီ   ၃

 

ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝ ဘေးအန္တရာယ ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်က ဥတ္တရသီရိရပ်ကွက် New Campus ကိုယ်ပိုင် အထက်တန်းကျောင်း၌ ကျင်းပသည်။

 

ဦးစွာ နေပြည်တော်မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးမြတ်သီဟက အမှာစကားပြောကြားပြီး  ဥတ္တရသီရိ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင်က မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးခြင်း၊  မီးဘေးလုံခြုံရေး အသိပညာပေး ဗီဒီယိုဖိုင်ကို   ပြသခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။

 

ထို့နောက် သဘာဝဘေးအန္တရာယ် လျှော့ချရေး၊   တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး အခမ်းအနားကို ကျင်းပရာ ရေလွှမ်းမိုးခြင်း၊ ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ လေပြင်းတိုက်ခတ် ခြင်းနှင့် မီးလောင်မှုဖြစ်ပွားခြင်း အစရှိသည့် ဘေးအန္တရာယ်ကျရောက်မှု ဖြစ်စဉ်များတွင် ကူညီကာကွယ်  ကယ်ဆယ်နိုင်ရေးအတွက် အသိပညာပေးမှုများကို ကျောင်းသား ကျောင်းသူများအား စိတ်ဝင်စားဖွယ် ကစားနည်းခုနစ်မျိုးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ပြသ ခဲ့သည်။

 

ဆက်လက်ပြီး ကျောင်းသား  ကျောင်းသူ များက မီးလောင်မှုကို မီးသတ်ဆေးဘူးဖြင့် လက်တွေ့ငြှိမ်းသတ်ခြင်း၊   ပိုလန်နိုင်ငံထုတ် အဆင့်မြင့်ခေတ်မီ မီးငြှိမ်းသတ်ယာဉ်များဖြင့် အဆောက်အအုံ မီးငြှိမ်းသတ်ခြင်းနှင့် လူနာ ကယ်ဆယ်ခြင်း၊  ငလျင်ဖြစ်ပွားပါက ပြိုကျအဆောက်အအုံများတွင် ပိတ်မိနေမှုများအား ကယ်ဆယ်ပုံ စသည် တို့ကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါအခမ်းအနားသို့  နေပြည်တော် မီးသတ်ဦးစီးမှူးရုံး    ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်အောင်ထွန်း၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲထွဋ်ဝင်း၊ New Campus ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ   ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)